
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်
ယခုကာလအတွင်း စပါးအသစ်များ ထွက်ရှိလာသော်လည်း လှောင်လက်နှင့် စက်ပိုင်း ကုန်သည်မှ အဝယ်များခြင်း အပါအဝင် ဒေသအတွင်းစားသုံးရန် ဝယ်ယူ စုဆောင်းမှု များကြောင့် ဆန်၊စပါးဈေးနှုန်းမြင့်တက်နေကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးးသန်းရောင်းဝယ်ရေး (စီး/ကူး) ဝန်ကြီးဌာန စာရင်းများအရသိရသည်။
ပြည်တွင်းဆန်၊ စပါးဈေးကွက်၌ ရန်ကုန်(သန်လျင်)၊ ပုသိမ်၊ ပဲခူးနှင့် ပြည်တို့တွင် စပါးဟောင်း၊ ဆန်ဟောင်း လက်ကျန်နည်းလာပြီး စပါးအသစ်ထွက်ရှိနေချိန်တွင် လှောင်လက်နှင့်စားသုံးရန် အဝယ်လိုက်ခြင်းကြောင့် ဈေးတက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပျဉ်းမနားမြို့နင့် ရွှေဘိုတွင် ဆန်ဟောင်းလက်ကျန်နည်းပြီး ဒေသတွင်း စားသုံးရန် ဝယ်လိုအားများသဖြင့် ဆန်ဈေးတက်ပြီး ကျန်မြို့နယ်အချို့တွင် ဆန်၊ စပါးဈေးနှုန်း တည်ငြိမ်ပြီး အရောင်းအဝယ်ရှိနေကြောင်း သိရသည်။
“ ဆန်ဈေးတက်တယ်ကြားလို့ အိမ်မှာလည်းဆန်ကုန်တော့မှာ မဝယ်ရသေးဘူ။ စပါး အသစ်ထွက်တော့ ဈေးကျအုံးမလားစောင့်နေတာ။ အခုဝယ်ရင် အရမ်းဟောင်းပြီးတော့ ပိုးထိုးတွေတယ်။ ကျိတ်သစ်ဝယ်ရင်ပိုးမထိုးဘူး ဆိုလို့ ကျိတ်သစ်ဝယ်မလို့ မဝယ်ရ သေးဘူး။ ဈေးကျအုံးမလား စောင့်နေတာ”ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိဈေးကွက်တွင် စားသုံးမှုများသော ပေါ်ဆန်းမွှေးဆန်အမျိုးအစား တစ်အိတ်လျှင် ကျပ် တစ်သိန်းမှ တစ်သိန်းသုံးသောင်းကျော်ထိရှိပြီး ရွှေဘိုပေါ်ဆန်းမွှေထိပ်စ တစ်အိတ် လျှင် ကျပ်တစ်သိန်းခုနစ်သောင်း ရှိကြောင်း ဆန်ဆိုင်များထံမှ သိရသည်။
“ စစ်ကောင်စီသတ်မှတ်ထားတဲ့ဈေးတွေနဲ့တော့အရောင်းအဝယ်မဖြစ်ဘူး။ အပြင်မှာ အဲဒီဈေးထက် တစ်သောင်းခွဲ နှစ်သောင်းလောက်ပိုတာပေါ့။ အဲဒီဈေးနဲ့တော့ အရောင်း အဝယ်ဖြစ်တယ်” ဟု ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။
ထို့ပြင် တိုင်းနှင့် ပြည်နယ်ရှိစာရင်းအများအရ ခန့်မှန်းဆန်လက်ကျန်မှာ တန် ၂ ဒသမ ၂၈၃ သန်းရှိကြောင်း စီး/ကူးဝန်ကြီးဌာနထံက သိရသည်။
ယင်းအပြင် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ၂၀၂၃ – ၂၀၂၄ ခုနှစ် ဧပြီမှ နိုဝင်ဘာလအထိ ဆန်တန်ချိန် ၃၃၄၆၀၁ ၊ အမေရိကန်ဒေါ်လာ ၁၇၄ ဒသမ ၉၇၀ သန်းတင်ပို့နိုင်ပြီး ယမန်နှစ်ထက်ဆန်တင်ပို့မှု တန်ချိန်သုံးသိန်းကျော် လျော့နည်းသွားကြောင်း ယင်းဌာန ထံက သိရသည်။
ပြီးခဲ့သည့်မိုးရာသီတွင် မိုးစပါးစိုက်ဧက ၁၄ ဒသမ ၉၈ သန်းစိုက်ပျိုးနိုင်ပြီး ရိတ်သိမ်းဧက ၂ ဒသမ ၃၀၁ သန်းပေါ်တွင် ပျှမ်းမျှ ၈၂ ဒသမ ၈၁ တင်းဖြင့် တင်းပေါင်း ၁၉၀ ဒသမ ၅၃၇ သန်းထွက်ရှိကြောင်း နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် စီး/ကူး စာရင်းများအရသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဆန်စပါးဈေး #ပေါ်ဆန်းမွှေး #ရွှေဘိုပေါ်ဆန်းမွှေး #Ayeyarwaddy_Times