
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်
ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသတွင် စစ်ကောင်စီက ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ လေးရက်ဆက်တိုက် အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် အသက်မပြည့်သေးသည့် ကလေးငယ်များ အပါအဝင် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်ချို့ပျက်စီးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျောက်ကြီး၊ နတ်သံကွင်း၊ မုန်း၊ ကျောက်တံခါး စသည့်မြို့နယ်များကို ပေါင် ၅၀၀ ဗုံးများ၊ မီးလောင်ဗုံးများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအုပ်စုကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကျောက်ကြီးမြို့နယ်၊ ဒေါင်းမို့ကျေးရွာအုပ်စုသို့လည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အသက် ၁၁ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် သုံး ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
“တိုက်ပွဲမဖြစ်ပဲ ဒီတိုင်းလိုက်ပစ်နေတာ၊ ဒီနေ့လယ်လာကြဲတာ လူသုံးယောက်ထိသွားတယ်။ မနေ့ကလည်း ရေလဲရွာဘက်မှာ အိမ်တစ်လုံးမီးလောင်သွားတယ်။” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ဂျက်တိုက်လေယာဉ်များဖြင့် နှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့ရာ ရေလဲရွာရှိ ဘုရားကျောင်းနှင့် မူကြိုကျောင်းတို့ ပျက်စီးခဲ့ပြီး မီးလောင်ဗုံးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံးထံက သိရသည်။
ထို့ပြင် မုန်းမြို့နယ်အတွင်း နိုဝင်ဘာလ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင်လည်း Mi-35 ရဟတ်ယာဉ်၊ K-8 ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ပြီး မီးလောင်ဗုံးများ၊ ပေါင် ၅၀၀ ဗုံးများ ကြဲချခဲ့သည့်အတွက် ဒေသခံ လေးဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်းပျက်စီးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် စစ်တောင်းမြစ်ဝှမ်းဒေသတစ်လျှောက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေခြင်းဖြစ်သည်။
စစ်ကောင်စီက အာဏာသိမ်းထားသည့် နှစ်နှစ်ကျော်ကြာကာလအတွင်း စစ်ကောင်စီလက်အောက်ခံအဖွဲ့ဝင်များ၏ သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသူ ပြည်သူစုစုပေါင်း ၄၁၉၈ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ထံက သိရသည်။
ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး
#စစ်တောင်းမြစ်ဝှမ်းဒေသ #မုန်း #ကျောက်ကြီး #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှု #Ayeyarwaddy_Times