နွေဦးမောင် /ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ အမှတ် (၉၇) ခြေလျင်တပ်ရင်းမှ ဒုတပ်ရင်းမှူးတစ်ဦး သေနတ်ဖြင့် ဝင်ရောက် ပစ်သတ်ခံရကြောင်း ဒေသခံများ ထံကသိရသည်။

အဆိုပါ ဒုတပ်ရင်းမှူးမှာ ဗိုလ်မှူးအေးချမ်း ဖြစ်ပြီး ယနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၆ နာရီခန့်က ဘုရားသုံးဆူမြို့ လမ်းမကြီးပေါ်က အလှပြင်ဆိုင်တွင် ရှိနေစဉ် ပစ်ခတ်ခံရ ခြင်းကြောင်း သိရသည်။

“ခလရ (၉၇)တပ်က ဒုရင်းမှူး ဗိုလ်မှူးအေးချမ်း သေနတ်နဲ့ပစ်သတ်ခံရတာ။ ဒီမနက် ၆ နာရီလောက်က အပစ်ခံရတာ။ ဘုရားသုံးဆူမြို့ လမ်းမကြီးပေါ်က အလှပြင် ဆိုင်မှာ အပစ်ခံရတာ။ ခေါင်းကို ထိပြီး သေဆုံးသွားတာ” ဟု စစ်ကောင်စီ တပ်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုကို မည်သည့် လက်နက်ကိုင်အဖွဲ့စည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ကို မသိရှိရသေးဘဲ ဘုရားသုံးဆူမြိုနယ်တွင် လက်နက်ကိုင်ဆောင်သူ အများအပြားရှိနေပြီး ပစ်သတ်ခံရသည့် အကြောင်းအရင်းကိုမူ စစ်ကောင်စီတပ်နှင့် ရဲများက စုံစမ်းလျက်ရှိကြောင်း သိရသည်၊

ဘုရားသုံးဆူတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပစ်ခတ်သည့် အဖွဲ့စည်းများကို ဖော်ထုတ်နိုင်ခြင်းမရှိကြောင်း ဘုရားသုံးဆူရှိ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။

ဘုရားသုံးဆူမြို့နယ်အတွင်း လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ် ၊ စစ်ကောင်စီတပ်မှ ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ် နှင့် DKBA ၊ NMSP ၊ KNU/KNLA(PC) ၊ KNU တပ်ဖွဲ့များအပြင် PDF တပ်ဖွဲ့များရှိနေကြောင်း ဒေသခံများ ထံက သိရသည်။

#ဘုရားသုံးဆူမြို့ #စစ်ကောင်စီတပ် #ဗိုလ်မှူးတစ်ဦး #သေနက်ဖြင့်ပစ်သတ်ခံရ #Ayeyarwaddy_Times