
နွေဦးမောင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ ဒေသခံအချို့မှ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် နိုင်ငံရေး နှင့်ဆက်စပ်သည့် အကြောင်းအရာများကို ရေးသားဖော်ပြမှုများအား ထောက်ခံ မျှဝေကြသည့် မအူပင်မြို့ခံများ ဖမ်းဆီးခံရမှု များနေကြောင်း ဒေသခံများထံက သိရသည်။
မြန်မာနိုင်ငံ အနှံအပြားတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီ လက်အောက်ခံ သတင်းဌာနများနှင့် စစ်တပ်လော်ဘီများက စစ်တပ်ဘက်မှ ထောက်ခံလှုံ့ဆော် ရေးသားဖြန့်ဝေရေးသားနေသလို တော်လှန်ရေးအင်အားစုများဘက်ကလည်း ရေးသားလှုံ့ဆော်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
တော်လှန်ရေးအင်အားစုတွေဘက်မှ ထောက်ခံရေးသားလှုံဆော်သူများကို စစ်ကောင်စီက စောင့်ကြည့်ပြီး ဖမ်းဆီး ထောင်ချမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
“မအူပင်မှာက နိုဝင်ဘာလ ပထမပတ်ကတည်းက ဖမ်းခံနေရတာ ၁၀ယောက်ကျော်နေပြီ ။ ရှမ်းမြောက်က တိုက်ပွဲတွေနဲ့ နေရာအသီးသီးက တိုက်ပွဲအခြေနေတွေကို ထောက်ခံမျှဝေတာတွေလုပ်လို့ ဖမ်းခံရတာပါ။ ဖမ်းဆီးခံရတဲ့သူတွေကို မအူပင်မြို့မရဲစခန်းမှာ ညလုံးပေါက်စစ်ဆေးတာတွေ လုပ်သလို အမျိုးသမီးတွေကိုလည်း ထိကပါးရိကပါး ပြောဆိုဆက်ဆံတာတွေပါလုပ်နေတယ်” ဟု ရဲစခန်းနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဧရာဝတီတိုင်းအတွင်း အဝေးရောက် တော်လှန်ရေးအင်အားစုများ ပြန်ဝင်လာမည်ကို စစ်ကောင်စီက စိုးရိမ်ကြောက်လန့်နေပြီး မြို့အဝင်မြို့အထွက်များတွင် လုံခြုံရေးတင်းကြပ်ထားသည့်အပြင် စစ်ကြောင်းထိုးခြင်း ဧည့်စာရင်းစစ်ခြင်းများကို ပိုမိုလုပ်ဆောင် နေကြောင်းသိရသည်။
ထို့အပြင် လူမှုကွန်ယက် စာမျက်နှာများကိုလည်း စောင့်ကြည့်ပြီး ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း စစ်ကောင်စီအုပ်ချုပ်ရေးနှင့် နီးစပ်သူများထံက သိရသည်။
#နိုင်ငံရေးနှင့်ပတ်သက် #အကြောင်းအရာ #လူမှုကွန်ယက် #အားပေးထောက်ခံ #မအူပင်မြို့ခံ #ဖမ်းဆီးခံရမှုများပြား #Ayeuarwaddy_Times