ဧရာဝတီတိုင်းမ်
နိုတင်ဘာလ ၂၃ ရက်

ဧရာဝတီတိုင်း၊ ဇလွန်မြို့တွင် စစ်ကောင်စီရေတပ်မှ နယ်လှည့်ကုသရေး အစီအစဉ်အကြောင်းပြကာ လူငယ်များကို တပ်သားစုဆောင်းမှုများပြုလုပ်နေကြောင်း မြို့ခံများထံကသိရသည်။

ဇလွန်ဆိပ်ကမ်းတွင် နိုဝင်ဘာလ ၂၂ ရက်မှ၂၄ ရက်နေ့အထိ စစ်ကောင်စီရေတပ်မှ နယ်လှည့်ကုသရေးအစီအစဉ်အကြောင်းပြကာ စစ်သင်္ဘောတစ်စင်းဖြင့် ရောက်ရှိနေကြောင်း မျက်မြင်တွေ့ရှိရသည့် မြို့ခံများထံကသိရသည်။

“ မြစ်ဆိပ်ကမ်းမှာစစ်သင်္ဘောတစ်စင်းရောက်နေတယ်။ နယ်လှည့်ကုသရေးလို့တော့ကြားမိတယ်။ ရဲတွေပါလုံခြံရေးတင်းကျပ်ထားတယ်” ဟု မြို့ခံတစ်ဦးက ဧရာဝတီတိုင်မ်းကို ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီရေတပ်သင်္ဘောဆိုက်ကပ်ထားမှုကြောင့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့အင်အား၂၀ဦးခန့်မှာ ဦးသီလှဘုရားမှ ဧရာဝတီမြစ် သင်္ဘော ဆိုက်ကပ်သည့် ကမ်းနားအထိ လုံခြုံရေးတင်းကြပ်ထားပြီး ဆေးကုသရန်လာရောက်သည့် လူငယ်အချို့ကို စစ်ကောင်စီရေတပ်မှ တပ်တွင်းသို့ဝင်ရောက်ရန် စည်းရုံးပြေဆိုမှုများ ရှိနေကြောင်း ကိုယ်တိုင်ကြံတွေ့ခဲ့ရသည့် မြို့ခံလူငယ်များထံက သိရသည်။

“ အိမ်ကအဒေါ်ဆေးသွားကုတော့ လိုက်သွားပေးတာ။အဲ့ကတပ်ကြပ်ကြီးတစ်ဘောက်ကစစ်တပ်ထဲဝင်မလား။ သိန်း၂၀ အခု‌ပေးမယ်။ ပြီးရင်အိမ်အတွက် လက်ငင်း ၁၀သိန်းပေးခဲ့မယ်ဆိုပြီး စည်းရုံးတာပေါ့။ကျွန်တော်က ကုမ္ပဏီ ဝန်ထမ်းလို့ညာပြောမှပဲ ပြန်လွှတ်ပေးတယ်” ဟု အမှတ် ၉ ရပ်ကွက်တွင်နေထိုင်သူ လူငယ်တစ်ဦးကဆိုသည်။

အလားတူညောင်တုန်း၊ ဓနုဖြူ နှင့်ဟင်္သာတစသည့်မြို့နယ်တို့၌ ပြီးခဲ့သည့် နိုဝင်ဘာလ ပထမအပတ်ကလည်း စစ်ကောင်စီရေတပ်မှ နယ်လှည့်ကုသရေးအကြောင်းပြ၍ လူငယ်များအပေါ် တပ်တွင်းဝင်ရောက်ရန် စည်းရုံးမှုရှိခဲ့သည်။

#ဇလွန်တွင် #စစ်ကောင်စီရေတပ် #နယ်လှည့်ကုသရေး #အစီအစဉ်အကြောင်းပြ #လူငယ်များကို #တပ်သားစုဆောင်းမှုများပြုလုပ်
#Ayeyarwaddy_Times