
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်
စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ကာလမှစတင်၍ တော်လှန်ရေး အားကောင်းသည့်ဒေသများတွင် အင်တာနက်ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အင်တာနက်ရရှိခြင်း မရှိသေးသည့် မြို့နယ် ၅ မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရန်ပုံငွေရှာဖွေမည့် NUG ၏ ဖက်ဒရယ်နက်ကမ်ပိန်း (Federal Net Campaign) ကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့က စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖက်ဒရယ်နက် ကမ်ပိန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဆက်သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) က ပြုလုပ်ခြင်းဖြစ်ကြောင်း MOCIT ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ထံက သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလတွင် အင်တာနက်ဆက်သွယ်ရေးကွန်ရက်ကို မဟာဗျူဟာမြောက် တပ်ဆင်ထားနိုင်ခြင်းကြောင့် အုပ်ချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှုများ၊ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေး စသည့်လုပ်ငန်းဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ခဲ့ပြီး ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးတွင် အများဆုံးအသုံးပြုနိုင်ခဲ့ကြောင်း MOCIT ထံက သိရသည်။
“ဖက်ဒရယ်နက်ကမ်ပိန်း စပါပြီ။ ဒီတစ်လ အတွင်းမှာ အမေရိကန် ဒေါ်လာ နှစ်သိန်းခွဲ ရှာဖွေသွားမယ်လို့ မျှော်မှန်းထားပါတယ်။ ရှာဖွေတဲ့ နေရာမှာလည်း ကျွန်တော်တို့အနေနဲ့ Fund Raiser တွေကနေတစ်ဆင့် အလှူငွေကို ကောက်ခံ သွားမှာဖြစ်ပါတယ်။ ပြည်သူလူ ထုအနေနဲ့တော်လှန်ရေးအတွက် တကယ့်ကို အရေးကြီးတဲ့ ဆက်သွယ်ရေးကဏ္ဍမှာ စိတ်အားထက်သန်စွာ လှူပေးဖို့ကိုလည်း တိုက်တွန်းပါတယ်” ဟု MOCIT ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်က ပြောသည်။
အင်တာနက်ဆက်သွယ်ရေး စနစ်သည် တော်လှန်ရေးကာလအတွင်း ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်များ ပေးစွမ်းနိုင်မှုတွင် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။
ထိုသို့ ပါဝင်နေသည့်အတွက် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ခြင်း များပြုလုပ်နေပြီး အင်တာနက် ဖြတ်တောက်ခံထားရသည့် မြို့နယ် ငါးခုတွင် မြန်နှုန်းမြင့် အင်တာနက်ကွန်ရက် သုံးစွဲနိုင်ရန်အတွက် Federal Net Campaign မှ ဒေါ်လာ အမေရိကန် ဒေါ်လာ နှစ်သိန်းခွဲ (၂၅၀,၀၀၀) ရရှိနိုင်ရန် ရှာဖွေသွားမည် ဖြစ်ကြောင်း MOCIT ထံက သိရသည်။
“အရင်ခေတ်တွေကနဲ့မတူတဲ့ ဒီတော်လှန်ရေးက နည်းပညာကိုသုံးပြီး တော်လှန်ခဲ့ တာဖြစ်တယ်။ ဆက်သွယ်ရေးကဏ္ဍကို ကောင်းကောင်း လက်တွေ့ကျကျအသုံးချပြီး တော်လှန်ခဲ့ကြတာဖြစ်တယ်။ ဒါဟာ ခေတ်သစ်တော်လှန်ရေးရဲ့ ထူးခြားတဲ့ အချက် ဖြစ်တယ် ဆိုတာကိုတော့ ကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တယ်။ ဘယ်လိုမှ ငြင်းလို့ မရဘူး။ ဒါကြောင့် အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပိုပြီးလုပ်နိုင်ရင် တော်လှန်ရေးကပိုပြီးအောင်မြင်မယ်” ဟု MOCIT ဝန်ကြီး ဦးထင်လင်းအောင်က ဆိုသည်။
ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) အနေဖြင့် အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်လျှော့ချခံထားရသည့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်တို့မှ မြို့နယ်ပေါင်း ၅၂ မြို့နယ်တွင် NUG က ထိန်းချုပ်ထားသည့် အင်တာနက်ဆက်သွယ်ရေးကွန်ရက်ကို တပ်ဆင်ထားပြီဖြစ်ကြောင်း သိရသည်။
ယခုအခါတွင်လည်း တော်လှန်ရေးအားကောင်းသည့် ဒေသ ငါးခုတွင် အင်တာနက် ထပ်မံ တပ်ဆင် ပေးနိုင်ရန်အတွက် ရန်ပုံငွေရှာဖွေရခြင်းဖြစ်ပြီး ပြည်သူများအကြား သုံးစွဲနိုင်ခြင်းမရှိသေးသော်လည်း လုံခြုံရေးအရ စိတ်ချရသည့် အင်တာနက် ကောင်းမွန်စွာ ရရှိခြင်းကြောင့် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများတွင်လည်း အချိတ်ဆက်မိမိ တိုက်ခိုက်နိုင်ခဲ့ပြီး အောင်မြင်မှုများရရှိခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ပြည်သူလူထုကိုပါ အင်တာနက် အသုံးပြုနိုင်စေရန် NUG အစိုးရမှ ကိုယ်ပိုင်အင်တာနက်ဆက်သွယ်ရေးကွန်ရက် တည်ထောင် ဆောင်ရွက်နေပြီး အသုံး ပြုခွင့်ရလာပါက ဆက်သွယ်ရေးကဏ္ဍများတွင် စစ်ကောင်စီထံ စီးဆင်းနေသည့် ဝင်ငွေများကို တားဆီးနိုင်မည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးထင်လင်း အောင်က ပြောကြားသည်.။
MOCIT မှ ဦးဆောင်ပြုလုပ်သည့် စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်ထား သည့် မြို့နယ် ၅ မြို့နယ်တွင် အရေးကြီးသည့် အင်တာနက်ဆက်သွယ်ရေး ရရှိနိုင်ရန် ပါဝင်လှူဒါန်းလိုပါက “ Federal Net campaign” Facebook စာမျက်နှာတွင် ကြေညာထားသည့် Fund Raiser စာရင်းများမှတဆင့် မိမိနှင့်သက်ဆိုင်သည့် နိုင်ငံများတွင် လှူဒါန်းနိုင်ကြောင်းသိရသည်။
ပုံစာ- MOCIT ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်
#federalnetcampaign #NUG #MOCITဝန်ကြီးဦးထင်လင်းအောင် #အင်တာနက် #Ayeyarwaddy_Times
Boost this p