နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်

ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြ ဦးဆောင်သော ကော်သူးလေတပ်မတော်(KTLA) က ကော်သူးလေအစိုးရဖွဲ့စည်းခြင်းသည် ကရင်အချင်းချင်းကြားတွင် မေးခွန်း အများအပြား ထွက်ပေါ်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က သဘောထား ထုတ်ပြန်ခဲ့သည်။

ယခင် KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) စစ်ဦးစီး ချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြသည် ရာထူးတာဝန်မှ ရပ်စဲခံလိုက်ရပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် KTLA ကို ဖွဲ့စည်းခဲ့သလို ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်ကလည်း ကော်သူးလေအစိုးရ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“ဒီလိုလုပ်ရပ်တွေဟာ ကျွန်တော်တို့ အချင်းချင်းကြားထဲမှာ သော်လည်းကောင်း၊ ပြည်သူလူထုကြားထဲမှာ သော်လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက သော်လည်းကောင်း မေးခွန်းတွေ အများကြီး ထွက်လာပါတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ၎င်းတို့သဘောထား ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုသည်။

ကော်သူးလေအစိုးရ(GOK) သည် ကော်သူးလေပြည်နယ်ရှိ ပြည်သူများ၏ အကျိုးကို ထမ်းဆောင်ရန် ပြည်နယ်ဥသျှောင်များဖြစ်သည့် သမ္မတ၊ ဒု-သမ္မတ၊ ဝန်ကြီးချုပ်၊ ဒု-ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြင့် တရားဝင် ဖွဲ့စည်းသည်ဟု အဆိုပါ GOK က ထုတ်ပြန်ထားသည်။

“ကော်သူးလေ အစိုးရဆိုပြီး ဝန်ကြီးတွေ၊ သမ္မတတွေ၊ ဥသျှောင်တွေနဲ့ ဖွဲ့စည်းတယ် ဆိုပေမယ့်လည်း ဒီမြေဒီရေပေါ်မှာ နေနေတဲ့ ပြည်သူတွေမဟုတ်ဘူး။ နိုင်ငံရပ်ခြား ပြည်ပများမှာ နေထိုင်သူများသာ ဖြစ်ပြီးတော့ သူတို့ကို တော်လှန်‌ရေးမှာလည်း မသိကြဘူး၊ တော်လှန်ရေးမှာ ပါဝင်နေကြသူတွေလည်း မဟုတ်ဘူး” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ထုတ်ပြန်ပြောဆိုသည်။

KNU နယ်မြေတွင် စစ်အာဏာသိမ်းပြီးချိန်မှ စတင်၍ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာအထိ တိုက်ပွဲပေါင်း ၁၁,၆၀၈ ကြိမ် ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀,၇၄၁ ဦးကို သုတ်သင်နိုင်ခဲ့သလို ၇,၇၇၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံး၊ ဒဏ်ရာရသူ အရေအတွက် စုစုပေါင်း ၁၈,၅၂၀ ဦးသည် တပ်မတစ်ခုတွင် အင်အား ၇၀၀ သာရှိတော့သည့် စစ်ကောင်စီ၏ တပ်မ ၂၆ ခုနှင့်လည်း ညီမျှသလို ထိုအခြေအနေသည် စစ်ကောင်စီအတွက် အင်မတန်မှ သွေးပျက်စရာ ကောင်းလှကြောင်း KNU က ထုတ်ပြန်ပြောဆိုသည်။

ကော်သူးလေအစိုးရ ဖွဲ့စည်းခြင်းသည် ထိုတိုက်ခိုက်မှုများကို မှေးမှိန်သေးသိမ်အောင် လုပ်နေခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာ နောက်ခံမှမရှိဘဲ နေ့ခင်းဖက်မက်သည့် အိပ်မက်တစ်ခုသာဖြစ်ကြောင်း KNU က ဆိုသည်။

“ကျွန်တော်တို့ရဲ့ တော်လှန်‌ရေး ဆောင်ရွက်မှုတွေကို ရှုပ်ထွေးဝေဝါးအောင် လုပ်တာဖြစ်တယ်။ ဘာအကြောင်းအရာ နောက်ခံမှမရှိဘဲ နေ့ခင်းဖက်မက်တဲ့ အိပ်မက်တခုသာ ဖြစ်ပြီး မကြာမတင် ပျောက်ကွယ်သွားမယ်ဆိုတဲ့ ကျွန်တော်အမြင်ကို မိဘပြည်သူတွေကို ပြောကြားလိုပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

ထိုသို့ KNU ၏ ထုတ်ပြန်ပြောဆိုမှုနှင့် ပတ်သက်၍ သဘောထား မှတ်ချက် တောင်းယူနိုင်ရန် ဧရာဝတီတိုင်းမ် သတင်းဌာနမှ ကော်သူးလေတပ်မတော်(KTLA) နှင့် ကော်သူးလေအစိုးရ(GOK) တာဝန်ရှိများအား ဆက်သွယ်နေဆဲဖြစ်သည်။

ကော်သူးလေတပ်မတော်(KTLA) ၏ နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်ချက်တွင်မူ ၎င်းတို့သည် KNU/KNLA အား ဆန့်ကျင်တိုက်ခိုက်သည့် အဖွဲ့အစည်းမဟုတ်သလို NCA အောက်မှလည်း လွတ်ကင်းပြီး KNU/KNLA လက်အောက်ခံရှိ တပ်မှူး၊ တပ်သားများနှင့် ညှိနှိုင်းဆွေးနွေး ပူးပေါင်းကာ ကရင်ပြည်နယ် ကော်သူးလေနယ်မြေအတွင်းရှိ အာဏာသိမ်း စစ်ကောင်စီအား တွန်းလှန်တိုက်ထုတ် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပုံစာ-KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး

#ကော်သူးလေအစိုးရဖွဲ့မှု #ကရင်အချင်းချင်းကြား #မေးခွန်းများထွက်ပေါ်လာ #KNU #Ayeyarwaddy_Times