ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်

ဧရာ၀တီတိုင်းတွင်းရှိ စစ်ကောင်စီလက်အောက်ခံရုံးဌာနများတွင် နို၀င်ဘာလ ကစတင်ပြီး PDFများ၀င်ရောက်စီးနင်းခြင်းများအတွက် ကြိုတင်ကာကွယ်နိုင်ရန် CCTV ၁၀ လုံးထက်မနည်း တပ်ဆင်စောင့်ကြည့်ကြရန် တိုင်းအစိုးရအဖွဲ့မှ ညွန်ကြားထားကြောင်းသိရှိရသည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် နို၀င်ဘာ ပထမပတ်အတွင်းပြုလုပ်သော လုံခြုံရေးနှင့်သတင်းညှိနိူင်းအစည်းအဝေး မှ ယခုညွန်ကြားချက်ကိုချမှတ်ပြီး တိုင်းစစ်ကောင်စီမှ မဖြစ်မနေလုပ်ဆောင်ရန်ညွန်ကြားခြင်းဖြစ်ကြောင်း ဌာနဆိုင်ရာ၀န်ထမ်းတစ်ဦးမှပြောသည်။

“သူတို့ကတိုင်းထဲPDFတွေ ရောက်နေပြီး ဂိတ်တွေနဲ့ဌာနဆိုင်ရာရုံးတွေကို၀င်တိုက်မယ်လို့ သုံးသပ်ကြတယ်။ အရင်က သုံးလုံးလောက်အဖြစ်တပ်ထားရတာမျိုး တစ်ချို့မြို့နယ်အဆင့်ရုံးတွေဆို မရှိဘူး။ အခုကတစ်တိုင်းလုံးကဌာနဆိုင်ရာ ရုံးအားလုံးမဖြစ်မနေတပ်ပြီး တိုင်းကို ပြန်တင်ပြရမယ်လို့ ညွန်ကြားထားတာပါ”ဟု စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

စစ်ကောင်စီ၏ ရုံးစိုက်ရာမြို့ဖြစ်သော ပုသိမ်မြို့တွင်လည်း မီးပွိုင့် လေးခု မြို့တော်ခန်းမ၊ ပုသိမ်တံတားအမှတ်၁နှင့်အမှတ်၂အပြင် မြို့တွင်းလမ်းဆုံနေရာများတွင် CCTV​ ၆၃ လုံး တပ်ဆင်ထားပြီး ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် အဖွဲ့ဖွဲ့ပြီးစောင့်ကြည့်နေကြောင်းသိရှိရသည်။

နိုင်ငံအနှံ့အပြားတွင် တော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲများ ပြုလုပ်နေသောကြောင့် လက်ရှိတွင် စစ်ကောင်စီမှ စိုးမိုးထားသည့် ဧရာဝတီတိုင်းအတွင်း PDFများဝင်ရောက်လာမည် ကို ကြိုတင်ကာကွယ်သည့်အနေနှင့် ယခုအစီအမံများကို စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဒေသခံများကသုံးသပ်သည်။

#ဧရာဝတီ #အနောက်တောင်တိုင်းစစ်ဌာနချုပ် #ပုသိမ်မြို့ #CCTVV #PDF #Ayeyarwaddy_Times