
နိုင်မင်းလွင်/ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၂၃ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် စတင်ခဲ့သည့် ကိုးကန့်တပ်မတော်(MNDAA) ၊ တအာင်း တပ်မတော်(TNLA) ၊ ရက္ခိုင့်တပ်တော်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင် ရေးကို အာဏာသိမ်းစစ်ကောင်စီက ကျူးကျော်စစ်ဟု သတ်မှတ်ပြောဆိုပြီးနောက် ၎င်းတို့ကို ထောက်ခံသူများက တရုတ်ဆန့်ကျင်ဆန္ဒပြမှုများကို မြန်မာနိုင်ငံအနှံ့တွင် ပြုလုပ်လာခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ ထောက်ခံသူများဖြစ်သည့် အမျိုးသားရေးအစွန်းရောက် မဘသ အဖွဲ့၀င်များသည် ပြီးခဲ့သည့် နို၀င်ဘာ ၁၉ ရက်နေ့က တရုတ်သံရုံးရှေ့၌ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“အဓိကအားဖြင့် မြောက်ပိုင်းမှာ စစ်အကြီးအကျယ် ရှုံးပြီးတော့ တစ်ပြည်လုံးအနှံ့ တော်လှန်ရေးတွေ ပေါ်ပေါက်နေတဲ့ ကာလမှာ သူတို့(စစ်ကောင်စီ) ဒီလိုဖြစ်ရတဲ့ အကျပ်အတည်းကို ကိုယ့်ကိုယ်ကိုပြန်ပြီး ဝေဖန်သုံးသပ်မှု မပြုဘဲနဲ့ အခြားလူပေါ် ပုံချတာပေါ့ဗျာ။ အဓိက တရုတ်က လက်နက်တွေ ပေးနေလို့ ဒီလိုဖြစ်တာလို့ သူတို့က ကောက်ချက်ချတာပေါ့” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။
တရုတ်သံရုံးရှေ့တွင် ပြုလုပ်ခဲ့သည့် တရုတ်ဆန့်ကျင် ဆန္ဒပြပွဲကို စစ်တပ်ထောက်ခံ မျိုးချစ်ရဟန်းတော်များသမဂ္ဂမှ ဦးပညာဝံသက ဦးဆောင်၍ “တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်ခိုင်းနေသည့် တရုတ်နိုင်ငံကို ကန့်ကွက်ကြောင်း၊ မြန်မာနိုင်ငံသားများ၏ ဆန္ဒသဘောထားကို တရုတ်သမ္မတသိစေလိုကြောင်း” စသည့် ကြွေးကြော်မှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် “မြောက်ပိုင်းမှာ ဖြစ်နေတဲ့ AA စတဲ့ မြောက်သုံးကောင်နဲ့ PDF စတဲ့သူတွေကို လက်နက်တွေ ရောင်းပေးနေတာ တို့ပြည်သူတွေ အကုန်သိတယ်။ တို့နိုင်ငံမှာ လက်နက် တွေကို ရောင်းတယ်။ ပြည်ဖျက်တွေကို အားပေးပြီး မြန်မာပြည်ကို ဖျက်ခိုင်းတယ်”ဟု ဦးပညာဝံသက တရုတ်သံရုံးရှေ့တွင် စွပ်စွဲပြောဆိုသည်။
ထိုသို့ တရုတ်အစိုးရမှ အကူအညီပေးနေမှုများကို ရပ်တန့်ပစ်ရန် တောင်းဆိုခဲ့ကြသည့် အမျိုးသားရေးအစွန်းရောက် မဘသ အဖွဲ့၀င်များကို စစ်ကောင်စီက ဆန္ဒပြခွင့်ပြုထားပြီး လုံခြုံရေး ယူပေးလျက်ရှိကြောင်း မြို့နေဒေသခံများထံက သိရသည်။
တရုတ်အပေါ် ပုံချမှုကြောင့် တိုင်းပြည်အတွက် ကြီးမားသော အန္တရာယ်များနှင့် နစ်နာဆုံးမှုများ ပေါ်ပေါက်တတ်ပြီး အမျှော်အမြင်မရှိသော စစ်ကောင်စီ၏ သဘောထား အပြောင်းအလဲ ဖြစ်လာခြင်းဖြစ်သည်။ ထိုအရာနှင့် ကိုက်ညီသည့် တရုတ်၏ သဘောထား အပြောင်းအလဲကိုလည်း မကြာမီ မြင်တွေ့ရလိမ့်မည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။
“တရုတ်ရဲ့ ထောက်ခံမှုတော့ သူက(စစ်ကောင်စီ) ရချင်ပါတယ်။ ဒါပေမယ့် အခုဖြစ်နေတဲ့ စစ်ရှုံးမှုတွေက တရုတ်ကြောင့်လို့ သူတို့က ကိုယ့်ပြဿနာကိုယ် ဝေဖန်သုံးသပ်မှုမရှိဘဲ တရုတ်အပေါ် ပုံချရင်တော့ ပိုမိုကြီးမားတဲ့ တရုတ်ရဲ့ စွက်ဖက်မှုတွေ ပေါ်ပေါက်လာနိုင်တယ်။ ဒါကိုအမျှော်အမြင်ရှိရှိနဲ့ သိပြီးတော့ ရှောင်ရှားဖို့လိုတယ်။ ဒါပေမယ့် အဲဒီလိုသဘောထား မရှိတာဟာ ပြောရလို့ရှိရင် စစ်ကောင်စီရဲ့ အဆုံးသတ်မှာ နိုင်ငံရေးအရ ကိုယ့်ကိုယ်ကို လုပ်ကြံသတ်ဖြတ်မှုမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အလားတူ နေပြည်တော်တွင်လည်း ယင်းနေ့ နိုဝင်ဘာ ၁၉ ရက်နေ့ တပြိုင်နက်တည်းပင် တရုတ်မုန်းတီးရေး လှုပ်ရှားဆန္ဒပြပွဲကို စစ်ကောင်စီက ကျင်းပပြုလုပ်ခွင့် ပေးခဲ့သည်။
နေပြည်တော်တွင် ပြုလုပ်သည့် တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို စစ်တပ်ထောက်ခံပြီး စစ်တပ်သတင်းများအား ဝါဒဖြန့်ရေးသားလျက်ရှိသည့် မြန်မာနေရှင်နယ်ပို့စ်ချန်နယ်မှ နောင်တော်လေးက ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဦးတရုတ်ကြီးအနေနဲ့ မြန်မာပြည် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် မလုပ်ပါနဲ့။ သမ္မတကြီး ရှီကျင်းဖျင်အနေနဲ့ ၂၀၂၀ မြန်မာခရီးစဉ်အတွင်း နယ်စပ်တည်ငြိမ်ရေး ကတိပေးထားတဲ့အတိုင်း မင်းမှာသစ္စာ၊ လူမှာကတိဆိုသည့်အတိုင်း သစ္စာစောင့်သိပေးဖို့ တောင်းဆိုလိုပါတယ်” ဟု နောင်တော်လေးက ၎င်းပိုင် ဝါဒဖြန့်ချန်နယ်တွင် ရေးသား ထားသည်။
ထို့အပြင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ ဝါဒဖြန့်လူတစ်စုတို့သည် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ပြုလုပ်လျက် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများအပြင် တယ်လီဂရမ်ချန်နယ်တို့တွင်လည်း တရုတ်ဆန့်ကျင်ရေး အကြောင်းအရာများရေးသား၍ ဝါဒဖြန့်လျက်ရှိသည်ကို တွေ့ရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#စစ်ကောင်စီ #ရှမ်းမြောက်စစ်ဆင်ရေး #ကျူးကျော်စစ်သတ်မှတ် #တရုတ်ကြောင့် #နိုင်ငံရေးအရလုပ်ကြံသတ်ဖြတ်မှု #Ayeyarwaddy_Times