ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်

စစ်ကောင်စီကကုန်ဈေးနှုန်းတည်ငြိမ်ရေး အကြောင်းပြချက်ဖြင့် စီးပွားရေးလုပ်ငန်းရှင် များကို ဖမ်းဆီးစစ်ဆေးလျက်ရှိပြီးနောက် လက်ရှိတာဝန်ထမ်းဆောင်သော မြန်မာ ဆီကုန်သည်နှင့်ဆီလုပ်ငန်းများအသင်းအမှုဆောင်များ နှုတ်ထွက်ပြီး အသစ်ပြန်လည် ရွေးကောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ရွေးချယ်ရာတွင် အဆိုပါအသင်းဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများနှင့်အညီ ၂၀၂၄ မှ ၂၀၂၆ ခုနှစ် နှစ်နှစ် သက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် အလုပ် အမှုဆောင်အသစ်များကို လာမည့် ဒီဇင်ဘာ ၂၁ ရက်နေ့တွင်ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတာဝန်ထမ်းဆောင်နေသည့် အလုပ်အမှုဆောင်၊ ဗဟိုအလုပ်အမှုဆောင်များ အားလုံးနှုတ်ထွက်ကြမည်ဖြစ်ပြီး ရွေးချယ်တင်မြောက်ပွဲကို ပွင့်လင်းမြင်သာစွာဖြင့် အတွေ့အကြုံရင့်ကျက်ပြီး အများကြည်ညို လေးစားသော ပြင်ပပုဂ္ဂိုလ်များက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင်အဖြစ် သက်တမ်းတစ်နှစ် ပြည့်ပြီးသောကုမ္ပဏီများ၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ဆီစက် လုပ်ငန်းရှင်များ၊ စားအုန်းဆီတင်သွင်းဖြန့်ဖြူးသူများ၊ ဆီလက်လီလက်ကား ရောင်းချ သူများက အသင်းအမှုဆောင်အဖြစ် ရွေးချယ်ခံခွင့်ရှိကြောင်း သိရသည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်၏ ဦးဆောင်မှုဖြင့် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး မဲစစ်ဆေးသည့်စနစ်၊ မဲရွေးချယ်အတည်ပြုသည့် စနစ်များကို ကိုယ်တိုင်ဆန္ဒပြု ရွေးချယ်ခံလိုသူများနှင့် ဆန္ဒမဲပေးလိုသူများက မှတ်ပုံတင်မူရင်းနှင့် ဆန္ဒမဲပေးခွင့် ပြုကြောင်း အသိအမှတ်ပြုလက်မှတ်ဖြင့်ပေးနိုင်ကြောင်း သိရသည်။

စစ်ကောင်စီ၏ စီမံခန့်ခွဲမှုများအောက်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လနှင့်ဩဂုတ်လပိုင်းများက အခြေခံစားသောက်ကုန် ဆန်နှင့် စားသုံးဆီဈေးများ အဆမတန် မြင့်လာပြီး နောက်ပိုင်း ကုန်ဈေးတည်ငြိမ်ရေးအတွက်ဟုဆိုကာ စစ်ကောင်စီကပင် ဆန်နှင့် ဆီလုပ်ငန်းရှင်များကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များနှင့် ဆီကုန်သည်များအသင်း ဥက္ကဌ ဦးဆန်းလင်း အပါအဝင် ပြည်ပမှ စားအုန်းဆီ တင်သွင်းခွင့်ရသည့် ကုမ္ပဏီကြီး များမှတာဝန်ရှိသူများနှင့် ဆီကုန်သည်များကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

ဓာတ်ပုံ -moeda

#မြန်မာဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း #MEODA #အမှုဆောင်ပြောင်းလဲ #Ayeyarwaddy_Times