ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ နိုဝင်ဘာလ ၂၃ ရက်
ရန်ကုန်တိုင်း၊သန်လျင်မြို့အခြေစိုက် လွန်းကျင်းဌာန၊ ရေတပ်သင်္ဘောကျင်းဌာနချုပ် (သီလဝါ)မှ တပ်ကြပ်ကြီးတစ်ဦးသည် ပုလောပြည်သူ့ ကာကွယ်ရေး တပ်မတော်ထံသို့ ခိုလှုံ၍ CDM ပြုလုပ်ခဲ့ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရသည်။
တပ်ကြပ်ကြီး အောင်ကျော်မျိုးသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့က ပုလောအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းသို့ ခိုလှုံလာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“အခု CDM ပြုလုပ်လာတာက တော့ ဒီတိုင်းလူချည်းပဲလာတာပါ။ တစ်ဦးတည်းပေါ့။ လက်နက်တော့မပါလာခဲ့ဘူး။ အစစအရာရာ လိုလေသေးမရှိအောင် ကူညီ ဆောင်ရွက် ပေးထားပါတယ်”ဟု ပုလော ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း မှ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိအချိန်တွင် ၎င်းအား လုံခြုံသည့်နေရာတွင် ကောင်းမွန်စွာ ထားရှိပြီး အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၏ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနှင့်အညီ ဆက်လက် လုပ်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီတပ်ကိုကျောခိုင်း၍ ပြည်သူကို မျက်နှာမူကာ နီးစပ်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့များနှင့်ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ခိုလှုံကြရန် တိုက်တွန်း ထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီ တိုင်းအတွင်း CDM ပြုလုပ်၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့် ရဲနှင့် စစ်သား ၂၃၇ ဦး ရှိပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။
ဓာတ်ပုံ ၊ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁) တပ်ရင်း
#ရန်ကုန်သန်လျင်အခြေစိုက် #လွန်းကျင်းရေတပ်သင်္ဘောကျင်း #တပ်ကြပ်ကြီး #CDMပြုလုပ် #ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် #Ayeyarwaddy_Times