ဇလပ်ဖြူ / ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဓာတ်ဆီတစ်ဂါလံ ၄၈၀၀၀ ကျပ်အထိ စျေးတက်၍ ပြည်သူများ အလုအယက်ဝယ်နေရကြောင်းနှင့် လမ်းဘေးဓာတ်ဆီဆိုင်များတွင်လည်း ဓာတ်ဆီပြတ်လပ်နေကြောင်း ကလေးမြို့ခံများထံက သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့အထိ ဓာတ်ဆီ တစ်လီတာ ၈၀၀၀ ကျပ်နှုန်းဖြင့် ၊ တစ်ဂါလံလျှင် ကျပ် ၃၀၀၀၀ အထိ စျေးတက်ခဲ့ရာမှ တစ်ပတ်အကြာ ယနေ့ နိုဝင်ဘာ ၂၂ရက်နေ့၌ တစ်ဂါလံလျှင် ကျပ် ၄၈၀၀၀ အထိစျေးတက်သွားခဲ့ခြင်းဖြစ်သည်။

“ဘီအိုစီတို့လိုဆိုင်မျိုး၊ မြို့ပြင်ဆီဆိုင်ကြီးတွေမှာတော့ တစ်ဂါလံ လေးသောင်း ရှစ်ထောင်၊တစ်ချို့ဆို ငါးသောင်းပေးရတယ်။ ဒါတောင် အကန့်သတ်သဘောမျိုးနဲ့ပဲ ဝယ်လို့ရတယ်။ ကျွန်တော်ဆိုရင် ဒီနေ့ မြို့ထဲအထိကို စက်ဘီးနင်းပြီး ဆီသွားဝယ်ရတာ။လမ်းဘေးဆီဆိုင်လေးတွေမှာတော့ တစ်ဂါလံ သုံးသောင်းအထိစျေးတက်ပြီးကတည်းက ဆီပြတ်သွားကြပြီ။အခုဆိုရင် လမ်းဘေးဆီဆိုင်တွေ မရှိတော့သလောက်ပဲ။အကုန်ပိတ်ကုန်ပြီ” ဟု ကလေးမြို့ တပ်ဦးသီတာရပ်ကွက်နေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆီစျေးအဆမတန်မြင့်တက်နေခြင်းကြောင့် ကား၊ ဆိုင်ကယ်ကယ်ရီ၊ဆိုက်တွဲ စသည့် အငှားယာဉ်မောင်း လုပ်ငန်းဖြင့် အသက်မွေးနေရသူအချို့လည်း လုပ်ငန်းရပ်နားထားရပြီဖြစ်ကြောင်း ကလေးမြို့ခံ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကပြောသည်။

ကလေးမြို့ ကုန်သွယ်ရေးအတွက် အဓိကအားထားရသော ကလေး-ကလေးဝ-မုံရွာ မြို့တို့ကို ဆက်သွယ်ပေးထားသည့် မဟာမြိုင်ကားလမ်းသည် လတ်တလော ကလေး ကလေးဝ တမူးလမ်းတစ်လျှောက် တိုက်ပွဲများကြောင့် လမ်းပိတ်ထားသည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း ခရီးသည်တင်ယာဉ်မောင်းများထံက သိရသည်။

ထို့အပြင် ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နေ့နံနက် ၆ နာရီခန့်က ကလေးမြို့လေယာဉ်ကွင်းအတွင်းရှိ လေယာဉ် ပြေးလမ်းပေါ်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လေကြောင်းပြေးဆွဲမှုကိုလည်း အကန့်အသတ်မရှိ ရပ်နားထားကြောင်း သိရသည်။

ပုံစာ – ကလေးမြို့၊စမ်းမြို့ရပ်ကွက် ဓာတ်ဆီဆိုင်တစ်ဆိုင်ရှေ့တွင်ပြည်သူများဓာတ်ဆီဝယ်နေစဉ် (ပုံဟောင်း)

#စစ်ကိုင်းတိုင်း #ကလေးမြို့ #ဓာတ်ဆီစျေးတက်
#Ayeyarwaddy_Times