ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်အခြေစိုက် ၉၀၅ အင်ဂျင်နီယာတပ်ရင်းတွင် ခံစစ်အနေအထား ပြင်ဆင်နေကာ တပ်တွင်းမိသားစုဝင်များကို နေ့ရောညပါ ကင်းစောင့်ခိုင်းနေပြီး တပ်ပြင်မထွက်ခိုင်းကြောင်း သတင်းရရှိသည်။

အဆိုပါတပ်ရင်း၌ နိုဝင်ဘာလ ၁၉ ရက်နေ့ကစတင်ပြီး ခံစစ်အနေအထားပုံစံဖြင့် တပ်အဝင်အထွက်နေနရာ၊ ခြံစည်းရိုးအနီးတဝိုက်၌ ကတုတ်ကျင်းများတူးကာ လုံခြုံရေးတိုးမြင့်ထားကြောင်း တပ်တွင်းသတင်းရင်းမြစ် ထံက သိရသည်။

“တပ်အပြင်အထွက်နေရာမှာ မြေမြုပ်မိုင်းတွေထောင်ထားတာတွေရှိနေတယ်။ ခြံစည်းရိုးနေရာတွေမှာ ခံစစ်ပုံစံကာကျင်းတွေ အရင်ထက်ပိုလုပ်လာတယ်။ တပ်ထဲမှာတော့မြို့အသိမ်းခံရတာနဲ့ တပ်တွင်းမိသားစုတွေကို ပြန်တိုက်ဖို့ပါအအမိန့်ပေးထားတယ်”ဟု ၉၀၅ အင်ဂျင်နီယာတပ်တွင်း သသတင်းအရင်းအမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် တပ်တွင်းရှိမိသားစုဝင်များကို တပ်ပြင်ပထွက်ခွာခွင့် ပိတ်ပင်ထားကာ နေ့ရောညပါ ကင်းပုန်းစောင့်ခိုင်းနေပြီး လူငယ် အမျိုးသားများကို ရက်တိုစစ်သင်တန်းပေးနေကြောင်း တပ်မိသားစုဝင်များထံက သိရသည်။

“တပ်ထဲကမိသားစုတွေအပြင်ထွက်မရဘူး။ မနက်နဲ့ညကင်းစောင့်ခိုင်းထားတယ်။ တပ်ထဲက ကောင်လေးတွေကို တစ်ပတ်စစ်ရေးပြနဲ့ သေနတ်ပစ်တာတွေပါ လေ့ကျင့်ပေးနေတာတွေ့နေရတယ်”ဟု တပ်တွင်းမိသားစုဝင်တစ်ဦးကဆိုသည်။

အလားတူ ညောင်တုန်းမြို့တွင်း၌ နိုတင်ဘာလ ၁၈ ရက်နေ့ကစပြီး မြို့တွင်းနှင့်ညောင်တုန်း-ပုသိမ် လမ်းမတလျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ ကျော်ဖြင့် စစ်ကားနှစ်စီးအသုံးပြုကာ ကင်းလှည့်ပတ်နေကြောင်း မြို့ခံများထံကသိရသည်။

#ညောင်တုန်းအခြေစိုက် #၉၀၅အင်ဂျင်နီယာတပ်#ကတုတ်ကျင်းတူး #မိသားစုဝင်များကို ပြင်ပထွက်ခွင့်မပြု #Ayeyarwaddy_Times