
နွေဦးမောင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ၂၂ ရက်နေ့
ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ ဈေးများမှ ဆိုင်တစ်ဆိုင်လျှင် အမျိုးသား တစ်ဦးနှုန်း စစ်ကောင်စီတပ်ထံ ပေးရမည်ဟု ခြိမ်းခြောက်ကာ လူစုနေကြောင်း ဒေသခံများ ထံက သိရသည်။
လူအင်အားများ လိုအပ်နေသည် စစ်ကောင်စီတပ်သည် ဧရာ၀တီတိုင်းအတွင်းရှိ ကျေးရွာ တစ်ရွာလျှင် လူအယောက် ၃၀ နှုန်း၊ မြို့ပေါ်ရပ်ကွက်တစ်ခုလျှင် လူ ၁၀ ယောက်နှုန်းပေးရန်ဖိအားပေး လုပ်ဆောင်နေရာမှ ယခုအခါ ဈေးဆိုင် တစ်ဆိုင်လျှင် အမျိုးသား တစ်ယောက်နှုန်းပေးရန် ခြိမ်းခြောက်တောင်းဆိုလာခြင်းဖြစ်ကြောင်း သိရသည်။
“အခွန်လွတ်ဈေးက သူတွေကို တောင်းတာ။ ဈေးဆိုင် တစ်ဆိုင်ကို အမျိုးသား တစ်ယောက်နှုန်းပေါ့။ မပေးရင် ဘာလုပ်မလည်းဆိုတာတော့ မကြားဘူး။ ဈေးသူ ဈေးသားတွေကို အားချင်း အစည်းဝေးခေါ်ပြီးလုပ်နေတာ။ စစ်ကောင်စီက ဖိအားပေး ခိုင်းစေနေပေမယ့် ရပ်ကွက်အချုပ်ရေးမှူးတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီက လူမရလို့ ဈေးသူဈေးသားတွေကိုလှည့်ပြီး ဒုက္ခပေးမလို့လုပ်နေတာ” ဟု ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် မအူပင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးနှင့် မအူပင်မြို့ အဝေးသင် တက္ကသိုလ်များတွင်ပါ တပ်စွဲမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
#မအူပင်မြို့ #ဈေးများ #ဆိုင်ပိုင်ရှင်များ #စစ်ကောင်စီ #ခြိမ်းခြောက်လူစု #Ayeyarwaddy_Times