
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်
စစ်ကောင်စီနှင့် ARSA အဖွဲ့တို့အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှနေ၍ ဘင်္ဂလားဒ့်ရှ်နယ်စပ်သို့ထွက်ပြေး တိမ်ရှောင်နေထိုင်နေရသည့် ရိုဟင်ဂျာများအနက်မှ ၃,၀၀၀ နီးပါးကိုပြန်လည်လက်ခံမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနထံက သိရသည်။
စစ်ကောင်စီက ပြန်လည် လက်ခံမည်ဆိုသည့် ဘင်္ဂလားဒ့်ရှ်ဒုက္ခသည် စခန်းများတွင် နေထိုင်ကြသူများသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင်နေထိုင်သူများဖြစ်ပြီး လက်ရှိတွင် အဆိုပါဒေသများ၌ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။
ဘင်္ဂလားဒ့်ရှိနိုင်ငံမှ ပေးပို့လာသည့် ရခိုင်ပြည်နယ်မှတိမ်းရှောင်နေထိုင်ရသူ ရိုဟင်ဂျာများ စာရင်းတွင် လူဦးရေ ၁၃၈,၀၀၀ တစ်သိန်းကျော်အနက် မြန်မာနိုင်ငံတွင် နေထိုင် ကြောင်းအထောက်အထားတွေ့ရှိသူ ၉၁,၀၀၀ ကျော်၊ အထောက်အထားမရှိသူ ၄၇,၀၀၀ ကျော်ပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ အကြမ်းဖက်စာရင်းတွင်ပါဝင်သူ ၁,၂၀၀ ကျော်ရှိကြောင်း စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြား ထားသည်။
နှစ်နိုင်ငံညှိနှိုင်းမှုအရ မြန်မာနိုင်ငံတွင်နေထိုင်ကြောင်းအထောက်အထားရှိသူ ၉၀,၀၀၀ ကျော်အနက် ကနဦးစီမံကိန်းအဖြစ် ပြန်လည်ခေါ်မည့်သူ ၃,၀၀၀ နီးပါးရှိပြီး ပြန်လည် ခေါ်ယူမည့် ရိုဟင်ဂျာများသည် တောင်ပြိုလက်ဝဲစခန်း၊ လှဖိုးခေါင်ယာယီစခန်းနှင့် ကြိမ်ချောင်း(တောင်) ကျေးရွာတို့တွင် နေထိုင်ရမည်ဖြစ်ကြောင်းသိရသည်။
ဘင်္ဂလားဒ့်ရှ်နိုင်ငံမှ ပြန်လည်ပို့လိုသူများတွင် မောင်တောမြောက်ခြမ်းတွင်နေထိုင်သူ၊ မိသားစုအလိုက်တွေ့ရှိသူ၊ ပြစ်မှုကင်းရှင်းသူ ၂၉၄၂ ယောက်ကို လက်ခံမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်းပေါင်းစပ်ရေးကော်မတီထံက သိရသည်။
ယခုကာလအတွင်းလုံခြုံရေး အခြေအနေအရ အကန့်အသတ်ရှိနေသော်လည်း လက်ခံနိုင်မည့်သူများကို စိစစ်အတည်ပြုပြီးဖြစ်ကာ ပြန်လည်လက်ခံနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီဝန်ကြီး ဦးမြင့်ကြိုင်က ဆိုသည်။
လက်ရှိတွင် ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့နယ်များရှိ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များ၏ ကင်းစခန်းများအပါဝင် နယ်ခြားစောင့်စခန်းများကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်နေပြီး နှစ်ဖက်ထိတွေ့မှုများဖြစ်ပွားလျက် ရှိသည်။
အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်း အသုံးပြုကာ တိုက်ခိုက်မှုများ ပြုလုပ်နေ၍ ဒေသခံများမှာ နေရပ်စွန့်ခွာ ရှောင်တိမ်နေရကြောင်း ရသေ့တောင် ဒေသခံတစ်ဦးထံက သိရသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ တတိယ ရာထူးအကြီးဆုံးနှင့် ကုသမဂ္ဂလက်ထောက်အတွင်းရေးမှုးချုပ် ဖြစ်သူလုပ်ငန်းလည်ပတ် မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr. Raouf Mazou သည် ပြီးခဲ့သည့် နိုဝင်ဘာ ပထမပတ်က မြန်မာနိုင်ငံသို့လာရောက်ခဲ့သည်။
ထိုသို့လာရောက်စဉ် စစ်ကောင်စီနှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်၊ မောင်တောနှင့် စစ်တွေမြို့သို့ သွားရောက်၍ ရိုဟင်ဂျာများပြန်လည်လက်ခံရေးအခြေ အနေကို လေ့လာခဲ့သည်။
လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Martin Griffiths သည်လည်း ဩဂုတ်လပိုင်းအတွင်းက ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး အုန်းတောကြီး ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများ နှင့် ရွှေစေတီ ဆရာတော်တို့ကို တွေ့ဆုံကာ လူသားချင် းစာနာမှုကူညီများပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် စစ်ကောင်စီသည် ရိုဟင်ဂျာများနေထိုင်မည့်ယာယီစခန်းကို အာဆီယံနိုင်ငံများနှင့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒ့်ရှ် နိုင်ငံသံရုံးတို့မှ သံရုံးအကြီးအကဲများ၊ သံတမန်များအပါအဝင် အာဆီယံလူသားချင်းစာနာ ထောက်ထားမှုအကူအညီ ပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာနမှ ကိုယ်စားလှယ်များကိုခေါ်ယူ၍ လေ့လာရေး အဖြစ် ပို့ဆောင်ခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်တွင် ARSAR အဖွဲ့များက လုံခြုံရေးကင်းစခန်းများကို တိုက်ခိုက်ပြီးနောက် စစ်တပ်ကနယ်မြေ ရှင်းလင်းရေး ပြုလုပ်ချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် ရိုဟင်ဂျာဒုက္ခသည် သိန်းနှင့်ချီ ရှိကြောင်း ကုလသမဂ္ဂထံကသိရသည်။
အကြမ်းဖက်စစ်တပ်သည် ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) တွင် တရားရင်ဆိုင်နေရဆဲဖြစ်သည်။
ဓာတ်ပုံ – MOI , HRW , Free Rohingya Coalition
#ရိုဟင်ဂျာနေရပ်ပြန်ရေး #ရခိုင်ပြည်မောင်တော #ယာယီကယ်ဆယ်ရေးစခန်း #Ayeyarwaddy_Times