ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ ၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်တစ်ဆိုင်မှ အရောင်းကူဝန်ထမ်းအမျိုးသမီးတစ်ဦးကို NUG၊PDFထောက်ခံကြောင်း လူမှုကွန်ယက်စာမျက်နှာ၌ တင်သည်ဟုဆိုကာ ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းက ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံထားရကြောင်း မိသားစုနှင့် နီးစပ်သူများထံကသိရသည်။

အသက်၂၃ နှစ်အရွယ်ရှိ မကြီးမ ဆိုသူကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ကို ထောက်ခံကြောင်း လူမှုကွန်ယက်တွင် ရေးတင်မှုကြောင့် ယမန်နေ့ နံနက် ၇နာရီ ခန့်က အလုပ်လုပ်သည့် ဈေးဆိုင်သို့ ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများထံက သိရသည်။

“မြို့မဈေးကြီးထဲ‌ဈေးအရောင်းကူကောင်မလေးအဖမ်းခံရတယ်။ NUGနဲ့PDFအကြောင်း တင်လို့လာဖမ်းသွားတာပဲ။ နံနက်ဈေးဖွင့်ခါနီးလာဖမ်းသွားတာတွေ့လိုက်ရတယ်”ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ဖမ်းဆီးခံရသူအမျိုးသမီးကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂(က)ဖြင့် ရဲတပ်ဖွဲ့မှ အမှုဖွင့်လှစ်ကာ ကျုံပျော်မြို့မရဲစခန်းအတွင်း၌ စစ်ဆေးဆောင်ရွက်နေကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုနှင့် နီးစပ် သူများထံက သိရသည်။

ကျုံပျော်မြို့နယ်တွင် နိုဝင်ဘာလပထမအပတ်ကစ၍ လူမှုစာမျက်နှာ ပေါ်၌ NUG၊PDFထောက်ခံကြောင်း ရေးတင်မိသူ လူငယ် အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦးအပါအဝင် စုစုပေါင်း ရှစ် ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး တစ်ဦးလျှင် ငွေ၁၀သိန်းတောင်းယူကာ ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

#ကျုံပျော် #ဆိုင်အကူအမျိုသမီး #NUG
#PDF #ထောက်ခံ #အကြမ်းဖက်ပုဒ်မဖြင့်ဖမ်းဆီး
#Ayeyarwddy_Times