
ဇလပ်ဖြူ / ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စက္ကန့်ကျေးရွာသို့ ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့မှ စတင်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ အထိတပ်စွဲထားပြီး စက္ကန့်ရွာ ဝယ်စလီယန် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဖျက်ဆီး၍ ဝတ်ပြုရေးဆိုင်ရာ ပစ္စည်းကိရိယာများကို ကလေးမြို့ပေါ်သို့ယူဆောင်ကာ ခိုးယူ ရောင်းစားနေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီတပ်သည် ဝယ်စလီယန် ဘုရားကျောင်းကို အောက်တိုဘာ လကုန်ပိုင်းတွင် ဖျက်ဆီးခဲ့ပြီး ဝတ်ပြုရာတွင် အသုံးပြုသည့် အသံချဲ့စက် မိုက်ကရိုဖုန်းများ၊ အသံ ထိန်းစက်များနှင့် စပီကာဘောက်ကြီးများကို ယူဆောင်၍ မြို့ပေါ်တွင် ပြန်လည် ရောင်းချနေကြောင်း စက္ကန့်ရွာ ဒေသခံများထံက သိရသည်။
“ကာလတန်ဖိုးက စုစုပေါင်း သိန်း၅၀အထက်လောက်ရှိမယ်။ အစကတော့ ကျွန်တော်တို့ လည်းသေချာမသိဘူး။ မြို့ပေါ်က မိတ်ဆွေတစ်ချို့နဲ့စကားစပ်မိရာကနေ သိတာ။ စက္ကန့်နဲ့ ကလေးမြို့ကို သွားလာနေတာ ဒီကောင်တွေပဲရှိတာလေ။ အိမ်တွေကိုလည်းမီးရှို့တယ်။ ကျွန်တော်တို့ အထွဋ်မြတ်ထားရာ ဘာသာရေးအဆောက်ဦးကိုလည်း ဖျက်ဆီးတယ်။ ပစ္စည်းတွေကိုလည်း ခိုးပြီးရောင်းစားကြသေးတယ်” ဟု စစ်ဘေးရှောင် စက္ကန့်ရွာဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အိမ်ခြေ ၉၀၀ကျော် ရှိသော စက္ကန့်ကျေးရွာသည် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီး မှုကြောင့် တစ်ရွာလုံး၏ ၈၀ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ပြီး ဝယ်စလီယန် ဘုရားကျောင်းအတွင်းတွင် တပ်စွဲ၍ ဘုရားကျောင်းကိုပါ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
” ကျွန်တော်တို့က မကြာခဏဆိုသလို ဒီကောင်တွေ(စစ်ကောင်စီတပ်)ဆီကို ဝင်ပြီး ရှင်းလင်းရေးလုပ်တယ်။ စစ်ကားနဲ့ကူးချည်သန်းချည်အမြဲ လုပ်နေတာဆိုတော့ ရွာထဲမှာ တပ်စွဲထားတဲ့အင်အားကခန့်မှန်းရခက်တယ်။ ကျွန်တော်တို့ရှင်းလင်းရေး ဝင်လုပ်ရင် သူတို့ဖျက်ဆီးထားတဲ့အကြွင်းကျန်တွေကို တွေ့ရတာပဲ။ လမ်းသွယ်တစ်ခုစီတိုင်း အိမ်ကောင်းဆိုလို့ တစ်အိမ် နှစ်အိမ်အပြင် ဘာမှမကျန်တော့ဘူး” ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ကလေးတောင်ပိုင်း စက္ကန့်ကျေးရွာအပါအဝင် အနီးနားရှိ ရှားတော၊ ဆင်တော၊ စီးစံ၊ အနောက်စံသာ စသည့် ကျေးရွာဒေသခံ ၁သောင်းဝန်းကျင်ခန့် သည် ရွာလုံးကျွတ်တိမ်းရှောင်နေရပြီး တစ်လကျော် နှစ်လနီးပါးအထိ နေရပ်သို့ ပြန်နိုင်ခြင်း မရှိသေးကြောင်း ကလေးမြို့နယ် စစ်ရှောင်ကူညီရေးအဖွဲ့များထံက သိရသည်။
ပုံစာ – စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့သည့် စက္ကန့်ကျေးရွာ၊ ဝယ်စလီယန် ဘုရားရှိခိုးကျောင်း
#ကလေးတောင်ပိုင်း #စက္ကန့်ရွာ #စစ်ကောင်စီ # ဝယ်စလီယန်ဘုရားရှိခိုးကျောင်း #ဖျက်ဆီးခိုးယူရောင်းစား #ရွာလုံးကျွတ်မီးရှို့ #Ayeyarwaddy_Times