
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၂၂ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ၁၀၅ မိုင်ရှိ စစ်ကောင်စီ၏ ပင်မစခန်းကုန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်မှ ဗျူဟာမှူးဗိုလ်မှူးကြီး တင်အောင်မိုး သေဆုံးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ပြီးခဲ့သည့် နို၀င်ဘာ ၁၉ ရက်နေ့က ၁၀၅ မိုင်ရှိ စစ်ကောင်စီတပ်၏ ပင်မ ခစန်းဗျူဟာကုန်းကို မဟာမိတ်ညီနောင်အဖွဲ့ဖြစ်သည့် တအာင်းတပ်မတော် TNLA မှ ၀င်ရောက်တိုက်ခိုက်ရာတွင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အမှတ် (၁၇) မှ ဗျူဟာမှူး ဗိုလ်မှူးကြီးတင်အောင်မိုးကို ဒရုန်းဗုံးထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် သေဆုံးသွားသည့် မိုင်းပန်မြို့ အခြေစိုက် စကခ-၁၇ ဗျူဟာမှူး ဗိုလ်မှူးကြီးတင်အောင်မိုးသည် စစ်တက္ကသိုလ်အပတ်စဉ် (၄၃) ဆင်းဖြစ်ပြီး ရာထူးတိုးမြှင့် ခံထားရသည်မှာ မကြာသေးကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“၁၀၅ မိုင်မှာက ရှေ့ရက်တွေကတည်းက တိုက်ပွဲပြင်း ထန်နေတာ။ စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ပစ်နေတာ။ အကောင်ကြီးတွေ ရထားပြီ။ အသေးစိတ် ထုတ်ပြန်ပါလိမ့်မယ်” ဟု စစ်ရေးသတင်း ရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းပင်မစခန်းကုန်းတွင် နို၀င်ဘာ ၁၆ ရက်နေ့ကတည်းက တိုက်ပွဲပြင်းထန် နေခြင်းဖြစ်ပြီး ဒရုန်းဗုံးဖြင့် ကြဲ၍တိုက်ခိုက်သည့်ရုပ်သံတစ်ခုကိုလည်း မြို့နေ ပြည်သူအချို့မှ လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသည်ကို တွေ့ရသည်။
အလားတူ ပြီးခဲ့သည့်နို၀င်ဘာ ပထမပတ်က ရှမ်းမြောက်ရှိ ပန်လုံ ဗျူဟာကုန်း တိုက်ခိုက်ခံရပြီး တပ်မ (၉၉) ၏ တပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်လွင်သေ ဆုံးခဲ့ပြီး နို၀င်ဘာ ၁၈ ရက်နေ့တွင်လည်း နမ့်ခမ်းတိုက်ပွဲ၌ အမှတ် (၇) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၇) ဗိုလ်မှူးချုပ်လင်းအောင်မိုးလည်း သေဆုံးခဲ့ သည်။
လက်ရှိ မိုင်းပန်အခြေစိုက် အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၏ တပ်မမှူးမှာ ဗိုလ်မှူးချုပ် တင်မောင်၀င်း ဖြစ်သည်။
ပုံစာ-၁၀၅ မိုင်ရှိ စစ်ကောင်စီပင်မကုန်း ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရပုံ
#ရှမ်းမြောက်#မူဆယ်#၁၀၅မိုင် #TNLAမဟာမိတ်ညီနောင် #စစ်ကောင်စီ #ပင်မကုန်း #ဗျူဟာမှူးဗိုလ်မှူးကြီးတင်အောင်မိုး #သေဆုံး #Ayeyarwaddy_Times