
ဇလပ်ဖြူ / ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၂ ရက်
စစ်ကိုင်းတိုင်း၊ကလေးမြို့လေဆိပ်တွင် ယမန်နေ့ နိုဝင်ဘာ၂၁ရက်နေ့ နံနက် ၆နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လေကြောင်းလိုင်းများကို အကန့်သတ်မရှိ ရပ်နားထားကြောင်း ကလေးမြို့ ဒေသခံများထံကသိရသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှု မရှိသော်လည်း လေယာဥ်ပြေးလမ်း အချို့ နေရာများ ပျက်စီးသွားသည့်အတွက် လုံခြုံရေးတင်းကျပ်သည့်အနေဖြင့် လေကြောင်း လိုင်းများကို ကန့်သတ်လိုက်ခြင်းဖြစ်နိုင်သည်ဟု ခရီးသည်တစ်ဦးက ဆိုသည်။
“လက်မှတ်ဖြတ်ထားပြီးတဲ့ ခရီးသည်တွေကို လေကြောင်းလိုင်းတွေ ပြန်ဖွင့်ရင် အစားထိုးပေးမယ်လို့တော့ပြောတယ်။ လက်မှတ်တွေတော့ ထပ်ရောင်းလို့မရတော့ဘူး။ အကန့်အသတ်မဲ့ ပိတ်တာလို့တော့ သိထားတယ်။ ကျန်တာတော့ ညီမတို့လည်း အသေးစိပ်မသိရသေးဘူး” ဟု ကလေးဒေသခံ လေယာဥ်လက်မှတ် အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ကလေးမြို့နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် တိုက်ပွဲများ ပြင်းထန်နေပြီး မြို့ထဲတွင် စစ်ကောင်စီက စစ်ဆေးရေးတင်းကျပ်လျက်ရှိကာ ရဟတ်ယာဥ် တစ်စင်း ကလေးမြို့ပေါ်တွင် ပျံပဲလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ – ကလေးမြို့လေဆိပ်(ပုံဟောင်း)
#ကလးမြို့လေဆိပ် #လေကြောင်းလိုင်း #ကန့်သတ် #ပေါက်ကွဲမှု #စစ်ကိုင်းတိုင်း #Ayeyarwaddy_Times