
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၂၂ ရက်
စစ်ကောင်စီတပ် အများဆုံးရှိပြီး စစ်တက္ကသိုလ်သင်တန်းကျောင်း(DSA) ပါတည်ရှိသည့် ပြင်ဦးလွင်တွင် နှစ်စဉ်ကျင်းပနေကြ တန်ဆောင်တိုင်ပွဲကို လုံခြုံရအရဟုဆိုကာ ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
စစ်ကောင်စီက ကျင်းပမည့် အဆိုပါ တန်ဆောင်တိုင်ပွဲတော်ကို နို၀င်ဘာ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ပြင်ဦးလွင်ရှိ မဟာအံ့ထူးကံသာဘုရားကြီး၀င်းတွင် ကျင်းပရန် ပြင်ဆင်ထားပြီး ကျင်းပမည့်ရက်ပိုင်း အလိုတွင် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပွဲတော်အတွက် ဆိုင်ခန်းနေရာများ ရောင်းချထားသလို မီးပုံပျံပွဲအတွက် အစမ်း လေ့ကျင့်မှုများကိုလည်း ပြုလုပ်ထားပြီးချိန်တွင် လုံခြုံရေးအရဟုဆို ကာ စစ်ကောင်စီက ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
“ဒီလောက်စစ်ဖြစ်နေတာကို ဘာမှမဖြစ်ဟန်နဲ့ စည်ကားအောင်လုပ်မယ်ဆိုပြီး စီစဉ်ထားတာ။ အခုက ပြင်ဦးလွင်နဲ့အရမ်းကပ်နေတဲ့ နောင်ချို-ပြင်ဦးလွင်လမ်းပိုင်းမှာ တိုက်ပွဲက နေ့တိုင်းဖြစ်နေတာ။ လုံခြုံရေးလည်းမယူ ပေးနိုင်ဘူးဆိုပြီး ရက်အနားကပ် မှဖျက်လိုက်တာ”ဟု ပြင်ဦးလွင်မြို့နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီမှကျင်းပသည့် ယင်းတန်ဆောင်တိုင်ပွဲတွင် မျိုးကျော့မြိုင်၊ ထူးအယ်လင်း၊ မိုးမိုး၊ ပူစူး၊ မီ၊ နေရဲ၊ ပွင့်နဒီမောင်၊ မုဏ်း၊ ခြူးစစ်ဟန်၊ ခင်လှိုင်စသည့် အနုပညာရှင်များနှင့် ဖျော်ဖြေရန်စစ်ကောင်စီက စီစဉ်ထားကြောင်း သိရသည်။
အလားတူ စစ်ကောင်စီမှ ဦးဆောင်ကျင်းပသည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ဖွင့်ပွဲကို ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နေ့က စတင်ကျင်းပခဲ့ပြီး လာရောက်လည်ပတ်သူ နည်းပါးခြင်းကြောင့် စစ်ကောင်စီက မြို့အတွင်းလှည့် ၍ လာရောက်လည်ပတ်ကြရန် ဖိတ်ခေါ်နေကြောင်း မြို့ခံများထံက သိရသည်။
လက်ရှိတွင် အဆိုပါပြင်ဦးလွင်နှင့် နီးစပ်သည့် နောင်ချိုမြို့တွင် ညီနောင် မဟာမိတ် တပ်ဖွဲ့ဖြစ်သည့် TNLA၊ မန္တလေး PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ အင်အားအများပို့ဆောင်ကာ လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်မှု များလုပ်ဆောင်နေသော်လည်း TNLA ပူးပေါင်းအဖွဲ့မှ နောင်ချိုဂုတ်ထိပ်အနီးတစ်ဝိုက်ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။
ပုံစာ -ယမန်နှစ် ၂၀၂၂ ခုနှစ်က ကျင်းပခဲ့သည့် စစ်ကောင်စီ၏ ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်
#စစ်ကောင်စီ #ပြင်ဦးလွင်တန်ဆောင်တိုင် #မီးပုံးပျံပွဲတော် #လုံခြုံရေးအရဖျက်သိမ်း #Ayeyarwaddy_Times