ဧရာဝတီတိုင်းမ်
(သုံးဆယ်)၊ နိုဝင်ဘာလ ၂၁ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ရဲစခန်းကို ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် သာယာဝတီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ သုံးဆယ်ရဲစခန်းတွင် အင်အား ၃၀ ဝန်းကျင်ရှိပြီး ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုသည့်အနေဖြင့်သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ရဲစခန်းတွင် ဂိတ်စောင့်နေသည့် တပ်သားတစ်ဦးမှာ သေနိုင်လောက်သည့် ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရှိခဲ့ရပြီး အခြားထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း သာယာဝတီ(ပကဖ)ထံက သိရသည်။

“ကျွန်တော်တို့ စခန်းထဲထိ ဝင်မတိုက်ခဲ့ပါဘူး။ အပေါက်ဝက တပ်သားတွေကိုပဲ ဦးတည် တိုက်ခိုက်ပြီး ဆုတ်ခွာခဲ့ပါတယ်။ သူတို့ဘက်က ကျွန်တော်တို့ ပစ်ခတ်ချိန်မှာ အလစ် ဖြစ်သွားတော့ ချက်ချင်း မပစ်ဘဲ ပတ်ပြေးနေကြတာပါ။ ရဲတစ်ဦးကတော့ သေချာပေါက် သေလောက် ဒဏ်ရာရပါတယ်။ ကျွန်တော်တို့ပြန်ဆုတ်ပြီးတဲ့နောက် သေနတ်သံတွေ နဲ့ ကျန်နေတာကြားရပါတယ်” ဟု သာယာဝတီ(ပကဖ)တာဝန်ရှိသူက ဧရာဝတီ တိုင်းမ် ကို ပြောသည်။

သုံးဆယ်ရဲစခန်းသည် ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ ရဲစခန်းတစ်ခုဖြစ်ပြီး ပစ်ခတ် ခံရမှုကြောင့် လမ်းများပိတ်ဆို့က ကားများကိုလိုက်လံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

သာယာဝတီခရိုင်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ကလည်း မင်းလှမြို့နယ်ရှိ ပဲခူးရိုးမအတွင်း ယာယီစခန်းချထားသည့် ‌PDF စခန်းကို စစ်ကောင်စီတပ်က လာရောက် တိုက်ခိုက်ရာမှထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်သား သုံး ဦးသေဆုံးခဲ့ကြောင်း တော်လှန် ရေး တပ်ဖွဲ့များထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#သာယာဝတီ #သုံးဆယ်ရဲစခန်း #တိုက်ခိုက်ခံရ #အစောင့်ရဲတပ်သား #ထိခိုက်သေဆုံးနိုင် #PDF #Ayeyarwaddy_Times