
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၂၁ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ကို ၀ိုင်းရံ ပိတ်ဆို့ထားပြီး သင့်တော်သည့်အချိန်တွင် ချက်ချင်းသိမ်းယူသွားမည်ဟု ကိုးကန့် တပ်မတော် (MNDAA) က ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့တွင် သတိပေးစာထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ၎င်းတို့စနစ်တကျတည်ဆောက်ခဲ့သည့် မဟာဗျူဟာစခန်းများမှာ တစ်ခုပြီးတစ်ခု ဖယ်ရှားခံနေရပြီး စစ်ကောင်စီမှ လက်ကျန် ကွက်လပ် ဖြစ်နေသော မြို့များကိုသာ အသေခံကာကွယ်စောင့် ထိန်းနေရသည်ဟု MNDAA ကဆိုသည်။
ထို့အပြင် မဟာမိတ်အဖွဲ့များအနေဖြင့် လက်ရှိအချိန်တွင် တန် ပြန်ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့ကို အထိနာအောင် ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့များကိုလည်း အမြစ်ပြတ်ချေမှုန်းနိုင်ရန် ပြင်ဆင်နေသည် ဟုဆိုသည်။
တုန်ရှမ်းဒေသ၊ တာကျူချင့်ရွာ အနောက်တောင်ကုန်း ကြွယ်ပါးနေရာရှိ စစ်ကောင်စီ တပ်စခန်းကို ပြီးခဲ့သည့် ၁၉ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် MNDAA တပ်က ၀ိုင်းရံပိတ်ဆို့ထားခဲ့ပြီး ၂၀ ရက်နေ့တွင် ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ ၁နာရီ ကျော် အကြာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရသည်။
အလားတူ နို၀င်ဘာ ၁၉ ရက်နေ့တစ်ရက်တည်းတွင်ပင် စစ်ကောင်စီ၏ တပ်စခန်း သုံးခုနှင့် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ၂၅ ရက်မြောက်နေ့အထိ စစ်ကောင်စီ တပ်စခန်း ၁၅၈ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် လောက်ကိုင်မြို့ကို တိုက်ခိုက် သိမ်းပိုက်မည်ဆိုသည့် သတိပေးချက် ထုတ်ပြန်ပြီးနောက် လောက်ကိုင်မြို့အတွင်း နေထိုင်သည့် တရုတ်လူမျိုးများ တရုတ်နိုင်ငံအတွင်းပြန်သွား ကြရန်နှင့် မြို့အတွင်း နေထိုင်သူများ စစ်ရေးသတိရှိ ရန် အသိပေးစာထုတ်ပြန်ထားသည်။
ဓာတ်ပုံ-The Kokang
#ရှမ်းမြောက် #လောက်ကိုင် #မဟာမိတ် #MNDAA# တိုက်ပွဲ #Ayeyarwaddy_Times