
ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ကနေဒီတောင် စစ်ကောင်စီတပ်စခန်းကို ယနေ့ နိုဝင်ဘာ ၂၁ရက်နေ့ နံနက် ၄ နာရီခန့်တွင် PDF Zoland က ၂ နာရီခန့်ကြာ ထိုးစစ်ဆင်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရှိခဲ့ကြောင်း PDF Zoland ပြန်ကြားရေးမှူးထံက သိရသည်။
အဆိုပါ စစ်ကောင်စီတပ်စခန်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀ခန့်ဖြင့် ဘန်ကာအခိုင်အမာတည် ဆောက်ကာ မဆုတ်တမ်းခံစစ်ဖြင့် အထိုင်ချထားခြင်းဖြစ်ပြီး PDF Zoland က ၂နာရီအတွင်း ဝင်ရောက်စီးနင်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကတော့ ကျွန်တော်တို့ရဲ့ ထောက်ပို့လမ်းကြောင်းကို အနှောင့်ယှက်ဖြစ်စေတယ်။ ပြီးတော့ စစ်ရေး အချက်အချာ ကျတဲ့နေရာလည်း ဖြစ်တယ်။ တစ်နိုင်ငံလုံး တစ်လှိုင်းပြီး တစ်လှိုင်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေကြတဲ့အချိန် ကျွန်တော်တို့ PDF Zoland အနေနဲ့လည်း ဒီလိုစခန်းသိမ်းပွဲကို လုပ်ဆောင်တာဖြစ်ပါတယ်” ဟု PDF Zoland ၏ ပြန်ကြားရေးမှူးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတစ်ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကာ သေဆုံးနေသည့် စစ်ကောင်စီတပ်သား အလောင်း နှစ်လောင်းကို PDF Zoland ရဲဘော်များက ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်နေချိန်မှာ ပုစဥ်း(ရဟတ်ယာဉ်) နဲ့ နှစ်ခါလာပစ်တယ်။ ကျွန်တော်တို့ ဖက်က အကောင်းဆုံးစုဖွဲ့မှုနဲ့ စနစ်တကျတန်ပြန်ထိုးစစ်ဆင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်းနေပြီး ဖမ်းဆီးရမိတဲ့ သုံ့ပန်းကိုတော့ လုံခြုံတဲ့နေရာမှာထိန်းသိမ်းထားပါတယ်” ဟု PDF Zoland ပြန်ကြားရေးမှူးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုအသက်ပေး၍ ကာကွယ်နေခြင်း များဆက်မလုပ်တော့ဘဲ လက်နက်ချအလင်းဝင်၍ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် PDF Zoland ၏ စစ်ဦးစီးချုပ်က တိုက်တွန်းပြောဆိုထားသည်။
ကနေဒီတောင်သည် ချင်းပြည်နယ်တွင် ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ မို့မောက်ထွက်နေသော တောင်များထဲမှ တစ်ခုအပါအဝင်ဖြစ်ကာ လမ်းပန်းဆက် သွယ်ရေး၊ စီးပွားရေးနှင့် ပထဝီအနေအထားအရစစ်ရေးတွင်လည်း အချက်အချာ ကျသော တောင်ကုန်းတစ်ခုဖြစ်သည်။
လက်ရှိ ကလေးမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ကလေးမြို့ပေါ်တွင် ရဟတ်ယာဥ်တစ်စင်းပျံဝဲလျက်ရှိကာ ကလေးမြို့ လေဆိပ်တွင်လည်း ယနေ့ နံနက် ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကလေးဒေသခံများ ထံက သိရသည်။
#ချင်းပြည်နယ် #ကနေဒီတောင် #စစ်ကောင်စီတပ်စခန်း #PDFZoland #တိုက်ခိုက်သိမ်းပိုက် #စစ်ကောင်စီတပ်သား၁ဦး #အရှင်ဖမ်းမိ #Ayeyarwaddy_Times