ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာရွာကို ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့၊ ညနေပိုင်း ၄ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ် သားပြည်သူ ကိုးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မီးဇာရွာသည် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် တရွန်အိုင်ကျေးရွာနှင့် ၆ မိုင်ခန့်အကွာတွင်ရှိပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“ကျွန်တော်တို့ရွာမှာ ဘာတိုက်ပွဲမှလဲ မရှိဘူး။ ရွာသားတွေနဲ့ စစ်ဘေးရှောင်တွေပဲ နေကြတာပါ။ မနေ့က ညနေပိုင်း ၄ နာရီလောက်က လေယာဥ်နဲ့ ဗုံးလာကြဲသွားတယ်။ အသက်ကြီးပိုင်း၊ ကလေးတွေအပါအဝင် စုစုပေါင်း ကိုးဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ သူတွေပါတယ်” ဟု မီးဇာရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မီးဇာကျေးရွာရှိ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဖြစ်ပွားသည့် တရွန်အိုင်ကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်ရှောင်လာသည့် တရွန်အိုင်၊ ဇဥ်ဘောင်ပြင်၊ ဖရုံချောင်း၊ အုန်းသီးဝကျေးရွာများမှ ဒေသခံများဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲအတွင်း အရပ်သားပြည်သူ သေဆုံးမူ သုံးဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးနှင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ၃,၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
#ချင်းပြည် #ပလက်ဝ #မီးဇာရွာ #စစ်ကောင်စီ #ဗုံးကြဲတိုက်ခိုက် #အရပ်သားပြည်သူ၇ဦး #ထိခိုက်ဒဏ်ရာရရှိ #Ayarwaddy_Time