ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၂၁ ရက်

စစ်ကောင်စီ၏ စစ်တက္ကသိုလ် (DSA) လာရောက်တက်ရောက်သူ သင်တန်းသား ၈၃ ဦးသာရှိပြီး စစ်တပ်မိသားစု၀င်များသာဖြစ်ကြောင်း သိရသည်။

စစ်တက္ကသိုလ် ၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ် နှင့် အမျိုးသမီးဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ၊ တင်သွင်းခြင်းရက်ကို ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား တင်းသွင်းရမည်ဟု ထုတ်ပြန်ခဲ့သော် လည်း လျှောက်ထားသူမရှိသဖြင့် ဩဂုတ်လ ၁၂ ရက် နေ့ထိ ထပ်မံရက်တိုးမြှင့်၍ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ထိုသို့ရက်တိုးမြှင့်ခေါ်ယူခဲ့သော်လည်း ယခုအခါတွင် ဗိုလ်လောင်းသင်တန်း၌ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တက်ရောက်သူ ၈၃ ဦး သာရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်မှ ပြောသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရင်က ရွေးချယ်ခံရပြီး တက်ရောက်သူ ထောင်ချီရှိတယ်။ ခုရွေးချယ်ခံရသူ ၈၃ ဦးပဲရှိတယ်။ လျှောက်တဲ့ဦးရေကလည်း ရာဂဏန်းပဲ။ ရှိတဲ့သူတွေကလည်း တပ်မိသားစုတွေပါပဲ”ဟု ဗိုလ်ရွေးအဖွဲ့နှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဗိုလ်လောင်း ၀င်ရောက်လျှောက်ထားသူ သိသိသာသာလျော့ကျသွားပြီး အရပ်သားဘွဲ့ရ ၀င်ရောက်လျှောက်ထားသူ မရှိသလောက်နည်းပါးကာ သင်တန်းသားများကို မြို့ နယ်ပညာရေးမှူးရုံးများမှ တစ်ဆင့် ခေါ်ယူနေရသည် ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန်လက တပ်တွင်းရှိ အောက်ခြေစစ်သည်များ၏ သားသမီးများထဲမှ တက္ကသိုလ်၀င် တန်းအောင်မြင်ပြီးသူများကို ဂုဏ်ပြုညစာစားပွဲ ကျင်းပပေးပြီးနောက် စစ်တက္ကသိုလ် (DSA ) အပတ်စဉ် ၆၉ သင်တန်းသို့ တက်ရောက်ရန် ဖိအားပေး၍ စာရင်းသွင်းမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

ယခုနှစ် ဗိုလ်လောင်းသင်တန်း စစ်တက္ကသိုလ်သည် အပတ်စဉ် ၆၉ သို့ရောက်ရှိနေပြီဖြစ်ပြီး တပ်မတော် နည်းပညာတက္ကသိုလ် (DSTA) အပတ်စဉ် ၃၀ သို့ရောက်ရှိနေပြီဖြစ်သည်။
#စစ်ကောင်စီ #စစ်တက္ကသိုလ် #ဗိုလ်လောင်းသင်တန်း #DSA #အပတ်စဉ်၆၉ #Ayeyarwaddy_Times