ဧရာဝတီတိုင်းမ်
(ကော့ကရိတ်)၊ နိုဝင်ဘာလ ၂၁ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြို့တော်ဦးရပ်ကွက်တွင် ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်၊ ည ၁၀ နာရီ ဝန်းကျင်က ကော့ကရိတ်အခြေစိုက် အမှတ် (၁၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်းများမှ အကြောင်းမဲ့ ပစ်ခတ်သည့် လက်နက် ကြီး ထိမှန်ပြီး မြေးအဖိုး နှစ်ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်ရင်းများသည် ကော့ကရိတ်မြို့နယ်အတွင်း လက်နက်ကြီး အချက်ရေ ၁၀၀ စီမံချက်ဖြင့် နေ့စဉ် ပစ်ခတ်နေခြင်းဖြစ်ပြီး ယမန်နေ့ညက စကခ- ၁၂ လက်အောက်ခံ တပ်ရင်းများက ပစ်ခတ်လိုက်သည့် ၈၁ မမ လက်နက်ကြီး ထိမှန်ပြီး ဦးထွန်းရင်(၇၀) နှစ် နှင့် မောင်ဖြိုးမင်းခန့်(၁၇) နှစ်တို့ မြေးအဖိုး နှစ်ဦး သေဆုံးခဲ့ပြီး အခြားဒေသခံ သုံး ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲမဖြစ်ပဲ ညတိုင်းပစ်နေတာ။ သူတို့ဆုံးရှုံးသွားတဲ့ နေရာတွေ ထိချင်တာထိဆိုပြီး တစ်နေ့ လက်နက်ကြီး အလုံး (၁၀၀) စီမံချက်နဲ့ ပစ်တာ။ မပြည့်တဲ့ နေ့လဲရှိပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင်စစ်ကောင်စီသည် ကော့ကရိတ်မြို့အတွင်း မြေမြှုပ်မိုင်းများလည်း ထောင်ထား သည့်အတွက် ကျွဲ၊ နွား တိရစ္ဆာန်များမှာ မကြာခဏမိုင်းနင်းမိကာ သေဆုံးမှုများရှိ နေကြောင်းလည်း သိရသည်။

စစ်ကောင်စီကကော့ကရိတ်မြို့တွင်း မကြာခဏလက်နက်ကြီးများ ပစ်ခတ်နေသည့် အတွက် ဒေသခံတချို့မှာ စစ်ဘေးရှောင်တိမ်းနေကြပြီး တချို့မှာ ရှောင်တိမ်းစရာ နေရာမရှိသည့်အတွက် ဗုံးခိုကျင်းများတူးကာနေထိုင်နေရကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း စွယ်တော်ကုန်း စစ်ကောင်စီအမြောက်တပ်မှ ပစ်ခတ်သည့် ၁၂၀ မမလက်နက်ကြီးထိမှန်ပြီး အသက် ၁၂ အရွယ် နော်ကွါ့ကျာ(ခ)နော်အဲ့ဖို့စေးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ကရင် အမျိုးသားအစည်းအရုံးထံက သိရသည်။

ဓာတ်ပုံ – ပေးပို့
#ကော့ကရိတ် #စကခ၁၂ #လက်နက်ကြီးပစ်ခတ် #၈၁မမ #စစ်ကောင်စီတပ် #မြေးအဖိုး၂ဦးသေဆုံး #Ayeyarwaddy_Times