နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၉ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်ဆင်ရေးအတွင်း အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA) ထံက သိရသည်။
နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းသစ် လုံခြုံရေးကုန်းအား ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့တွင် TNLA မှ တစ်နေကုန် တိုက်ခိုက်ခဲ့ရာ ညသန်းခေါင်ယံတွင် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနှင့် လက်နက်ကြီး/ငယ် မျိုးစုံ ၁၃ လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် နိုဝင်ဘာ ၁၈ ရက်၊ နံနက်ပိုင်းတွင် TNLA တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ် ထားသည့် အဆိုပါလုံခြုံရေးကုန်း နေရာကို စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးဖြင့် အသုံးပြု တိုက်ခိုက်ခဲ့သဖြင့် TNLA ရဲဘော်အချို့ ပုံစံတူအဆိပ်သင့်ပြီး ခန္ဓာကိုယ်တွင် ထိရှဒဏ်ရာ တစ်စုံတခုမျှ မရရှိဘဲ မူးဝေခြင်း၊ အသက်ရှုချိန် မြန်ဆန်ခြင်း၊ မအီမသာ ခံစားရခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်းနှင့် မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းများကို ပြင်းထန်စွာ ခံစားခဲ့ရသဖြင့် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
“မနေ့ နိုဝင်ဘာ ၁၈ ရက်က မနက်လောက်ကနေ စပြီးမှ သူတို့(စစ်ကောင်စီ) စခန်းသစ် ဘက်ကနေ အဆိပ်ဗုံး ငါး လုံးလောက် ပစ်ခဲ့တယ်။ ကျွန်တော်တို့ ရဲဘော်အချို့ အဆိပ်ငွေ့ သင့်ပြီး မူးဝေတဲ့ ဝေဒနာတွေ ခံစားရတယ်။ အဲဒီအဆိပ်ဗုံး အမျိုးအစားနဲ့ ထုတ်တဲ့ နေရာကိုတော့ ကျွန်တော်တို့ လိုက်လံပြီးမှ စုံစမ်းစစ်ဆေးနေတယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်ကလည်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်းကျက်တပ်စခန်းအား TNLA မှ တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဘက်မှ အဆိပ်ငွေ့ဗုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့ပြီး ယခုအကြိမ်နှင့်ဆိုပါက နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် TNLA နှင့် ယခင်တိုက်ပွဲများတွင် ဓာတုအဆိပ်ငွေ့ဗုံးများကို အသုံး ပြုတိုက်ခိုက်ခြင်း မရှိခဲ့ဘဲ လက်ရှိ ရှမ်းမြောက်စစ်ဆင်းရေးတွင် တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက စစ်ပွဲများတွင် ကန့်သတ်ထားသည့် အဆိပ်ငွေ့ဗုံးကို အသုံးပြုတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုမြောက်ကြောင်း ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဆိုသည်။
အဆိုပါလုပ်ရပ်နှင့်ပတ်သတ်၍ စစ်ကောင်စီသည် တော်လှန်ရေးအဖွဲ့ အစည်းများနှင့် ထိတွေ့မှု တိုက်ပွဲများတွင် ယခုကဲသို့ စစ်ရာဇဝတ်မှု ကျူးလွန်ပြီး နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတု လက်နက်အား အသုံးပြု၍ တိုက်ခိုက်ခြင်း၊ နိုင်ငံတကာ ရာဇဝတ်မှုများကျူးလွန်၍ ရပ်ရွာပြည်သူလူထုနှင့် အိုးအိမ်များအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်နေကြောင်း TNLA က ထုတ်ပြန်ထားသည်။
သို့ဖြစ်ပါ၍ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ လူသားချင်း စာနာ ထောက်ထားသည့် အဖွဲ့အစည်းများအနေဖြင့် မြန်မာပြည်သူလူထုများအား ဝိုင်းဝန်း စောင့်ရှောက်ပေးရန်၊ စစ်ရာဇဝတ်မှုနှင့် နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီအား အရေးယူပေးနိုင်ရန်လည်း TNLA က တိုက်တွန်းထားသည်။
ယေဘုယျအားဖြင့် သာမန်ပေါက်ကွဲစေတတ်သည့် ဗုံးသီးအမျိုးအစားကလွဲလျှင် ဓာတု လက်နက်ဟု အကြမ်းဖျင်း ပြောနိုင်သလို Cluster ဗုံးသီးဟု ခေါ်သော ဓာတုအဆိပ်ငွေ့ဗုံးသီးကို မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမတိုက်နယ်၊ ရှောက်ပင်အင်းရွာအခြေစိုက် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ-ကပစ (၂၁)က အဓိကထုတ်လုပ်နေကြောင်း စစ်နည်းဗျူဟာ ကျွမ်းကျင်သူ CDM ဗိုလ်ကြီး ဇင်ယော်ထံက သိရသည်။
“ဒီဓာတုလက်နက်မျိုးတွေကို ဘယ်အချိန်ကတည်းက စထုတ်သလဲဆိုတာ တိတိပပ ပြောနိုင်ဖို့ ခက်ပေမယ့် ကပစ(၂၁)ကတော့ ၂၀၀၆ ခုနှစ်မှာ စပြီးတော့ တည်ထောင်တယ်။ တွက်ကြည့်မယ်ဆိုရင် ၂၀၀၆ ခုနှစ် နောက်ပိုင်းကဆိုရင် သူတို့(စစ်ကောင်စီ) စက်ရုံ စလည်မယ်ဆိုရင် ၂၀၁၀ လောက်မှာ စပြီးစက်ရုံလည်မယ်လို့ ကျွန်တော်တို့ ခန့်မှန်းသုံး သပ်တယ်။ အဲဒီတော့ ၂၀၁၀ လောက်ကနေ စပြီးတော့ သူတို့ စမ်းသပ်ထုတ်လုပ်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီသည် ပြည်ပနိုင်ငံများမှ ဝယ်ယူသော ဓာတုလက်နက်များကို အဆိုပါ ကပစ (၂၁)စက်ရုံတွင် Modify (ပြုပြင်မွမ်းမံ) လုပ်၍ ထုတ်လုပ်မှုများ လည်းရှိကြောင်း သိရသည်။
စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ လက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်သည့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ် ရေးအရာရှိချုပ်ရုံး (ကကထ)၏ လက်အောက်တွင် ရှိသော ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)သည် စုစုပေါင်း (၂၅) တပ် (ကပစ (၁) မှ (၂၅)အထိ)ရှိကြောင်း သိရသည်။
အဆိုပါ ကပစစက်ရုံများသည် မကွေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့တွင်သာ တည်ရှိပြီး မကွေးတိုင်းအတွင်း အများဆုံးဖြစ်ကာ အနည်းဆုံး ၁၄ တပ်ရှိကြောင်း သိရသည်။
စစ်ကောင်စီ အာဏာမသိမ်းခင် ၂၀၂၀ နှစ်ဆန်းပိုင်းကလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်တပ်က ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီက ဓာတုဗုံးဟု ယူဆရသော ဗုံးများကြဲချ တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ရုပ်သံနှင့်တကွ ထုတ်ပြန်ခဲ့ဖူးသည်။
ထို့အပြင် ကရင်နီဒေသနှင့် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲတချို့တွင်လည်း စစ်ကောင်စီက အလားတူ လက်နက်ဖြင့် အသုံးပြုတိုက်ခိုက်ခဲ့ကြောင် တော်လှန်ရေး အင်အားစုများက ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
စစ်ကောင်စီသည် စစ်ရေးအရ အထိနာစေပြီး ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းမရှိသည့် နယ်မြေ ဒေသများတွင် အဆိုပါဓာတုလက်နက်များဖြင့် တိုက်ခိုက်လေ့ရှိပြီး သာမန်အရပ်သား ပြည်သူများအပါအဝင် ဂေဟစနစ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်သည့် ဓာတုလက်နက် မျိုးလည်း ထုတ်သုံးလာနိုင်ကြောင်း CDM အရာရှိများက သုံးသပ်ထားသည်။
#ရှမ်းမြောက်စစ်ဆင်ရေး #စစ်ကောင်စီ #ဓာတုအဆိပ်ငွေ့ ဗုံး #နှစ်ကြိမ်တိုင်တိုက်ခိုက် #TNLA #ဓာတုအဆိပ်ငွေ့ဗုံးသီး #ကပစ၂၁ #အဓိကထုတ်လုပ် #Ayeyarwaddy_Times