ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ နိုဝင်ဘာလ ၁၉ ရက်)

ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိ မုန့်ချိုအိတ် ဆိုတဲ့ အင်္ဂါအစိတ်အပိုင်းကို ကြာဖူးကြပါသလား၊ သူ့အကြောင်းကိုကော ဘယ်လောက်အထိ သိကြပါသလဲ ?

အဖိုးကြီးတုတ်ကောက် ဂျေ (J) ပုံသဏ္ဍန်ရှိတဲ့ Pancreas (ပန်းကရိယ) ဆိုတဲ့ ဝမ်းဗိုက်ထဲက ကိုယ်တွင်းအင်္ဂါကို မုန့်ချိုအိတ်ဆိုပြီး ခေါ်ကြပါတယ်။ အစာအိမ်၊ အူသိမ်ဦး၊ အသည်း၊ သည်းခြေ၊ ဘေလုံး တို့နဲ့ ကပ်လျက်ရှိနေပါတယ်။ စားသမျှ အဆီ၊ အသားဓါတ်၊ ကစီဓာတ်တွေအားလုံးကို အူက စုပ်ယူနိုင်ဖို့အတွက် ပန်းကရိယအစာချေအရည် လိုအပ်ပါတယ်။ ဆီးချိုရောဂါမဖြစ်လာဖို့ အင်ဆူလင်ဟော်မုန်းကိုလည်း မုန့်ချိုအိတ်က ထုတ်လုပ်ပေးပါတယ်။

#အတွေ့ရများတဲ့မုန့်ချိုအိတ်ရောင်ခြင်းရောဂါ(Pancreatitis)

ဗိုက်အောင့်တိုင်း အစာအိမ်ရောဂါ ထင်ကြသူများပါတယ်။ မုန့်ချိုအိတ်ရောင်ခြင်း နဲ့ ရောဂါလက္ခဏာ ဆင်တူနေတာမို့ အစာအိမ်ရောင်ခြင်းနှင့် မှားယွင်းနိုင်ပါတယ်။ ‌ဗိုက်အောင့် ဗိုက်နာတယ်၊ ပျို့ချင်တယ်၊ အန်ချင်တယ်၊ အစာမစားချင်ဖြစ်တယ်၊ သွေးခုန်နှုန်းတွေမြန်နေတယ်၊ တစ်ခါတရံမှာ ဖျားနာတာ အသားဝါတာတွေလည်း ကြုံရနိုင် ပါတယ်။

မုန့်ချိုအိတ်ရောင်တာဟာ အရက်စွဲလမ်းလူငယ်များ၊ သည်းခြေကျောက်ရှိနေသူများ၊ အဝလွန်သူများ၊ လေးဆယ် ကျော်သက်လတ်ပိုင်းတွေနဲ့ မိသားစုများထဲမှာ အလားတူ ရောဂါဖြစ်ဖူးသူများ၊ ဆီးချို ဝေဒနာရှင်များမှာ အဖြစ်များကြပါတယ်။

အရက်အလွန်အကျွံသောက်တဲ့အခါ သည်းခြေကျောက်ပိတ်ဆို့တဲ့အခါ သွေးအတွင်းမှာ အဆီတွေ ထုံးဓာတ်တွေ များတဲ့အခါ မုန့်ချိုအိတ်ရောင်တတ်ပါတယ်။ အချို့ဆေးဝါးများ သုံးစွဲရခြင်း နဲ့ ထိခိုက်ဒဏ်ရာများ ခွဲစိတ်ကုသမှုများမှာလည်း မုန့်ချိုအိတ် ရောင်တတ် ပါတယ်။

မုန့်ချိုအိတ်ရောင်ပါက ဆရာဝန်နှင့်ပြသ ကုသရပါမယ်။ ရောဂါကို ကုတဲ့အခါ အစာဖြတ် တောက်ခြင်းလိုအပ်နိုင်ပါတယ်။ အရည်ဓာတ်ထိန်းထားနိုင်ဖို့ အနာသက်သာဖို့ အာဟာရ ဖြည့်တင်းဖို့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်က တွက်ချက်ကုသရမှာ ဖြစ်ပါတယ်။ ဖျားနာပြီး သွေးအတွင်း ပိုးဆိပ်ပျံနှံ့တဲ့အခါမှာ ပိုးသတ်ဆေးဖြင့်ကုသရမှာပါ။

ဆိုးဆိုးရွားရွားပြင်းထန်ပါက သွေးလန့်ခြင်းအဆင့်ထိဖြစ်ပြီး သေဆုံးနိုင်တာကြောင့် ပေါ့ဆလို့မရပါ။ ကျောက်ပိတ်ဆို့ခြင်းဆိုပါက ERCP သည်းခြေပြွန် ပန်းကရိယ လမ်းကြောင်းကြည့်မှန်ပြောင်းဖြင့် ကျောက်ဖယ်ထုတ်ခြင်း၊ ခွဲစိတ်၍ကုသခြင်း တွေကို အရေးပေါ် လုပ်ရနိုင်ပါတယ်။

ဒါကြောင့် ပဋိပက္ခကာလအတွင်း ရောဂါကြီးကြီးမားမားမဖြစ်ရအောင် အရက်၊ ဆေးလိပ် လျှော့ပါ၊ ဆင်ခြင်ပါ။ အဆီများတဲ့အစားအသောက်တွေရှောင်ပါ စေကြောင်း တိုက်တွန်း ပါရစေ။

#ဆီးချိုးသွေးချိုရောဂါနှင့်မုန့်ချိုအိတ်

အင်ဆူလင်‌ဟော်မုန်း (Insulin) အကြောင်းကြားဖူးနားဝရှိကြမှာပါ။ (ပန်းကရိယ) မုန့်ချိုအိတ်ကနေ အင်ဆူလင် ထုတ်ပြီး သွေးတွင်းသကြားကို ထိန်းချုပ်ထားပါတယ်။ အင်ဆူလင်မထုတ်လုပ်နိုင်တဲ့ အခါမှာဖြစ်စေ၊ အလုပ်ကောင်းကောင်း မလုပ်နိုင်တဲ့ အင်ဆူလင်ကိုထုတ်‌လုပ်တဲ့အခါမှာဖြစ်စေ သကြား‌တွေစုပုံပြီး သွေးအတွင်းမှာ အချို ဓာတ် တွေတက်လာပါတယ်။ ဒါကိုပဲ ဆီးချို‌သွေးချိုရောဂါဆိုပြီး သတ်မှတ်ကြပါတယ်။

ဆီးချိုသွေးချိုရောဂါက မကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာတော့ အတွေ့ရ အများဆုံး ရောဂါ တစ်ခုလိုဆိုနိုင်ပါတယ်။ မုန့်ချိုအိတ် (ပန်းကရိယ)ကိုလှုံဆော်ပေးတဲ့ ဆီးချို ကုသဆေးနှင့် အင်ဆူလင်ထိုးဆေးတွေဟာ ဝယ်ယူရခက်ခဲပြီး ဈေးအဆမတန် ကြီးမားတာတွေကြောင့် အခုလို ပဋိပက္ခကာလအတွင်းမှာတော့ ဆီးချိုရောဂါရှင်တွေကို အခက်အခဲများစွာ သက်ရောက်စေပါတယ်။

ဆေးဝါးရှားပါးခြင်း သာမကဘဲ ဆေးကုသခံယူခွင့်တွေလည်း ဆုံးရှုံးနေရပါတယ်။ ဆီးချို ရောဂါအတွက် အနေအထိုင် အစားအသောက်ဆင်ခြင်ခြင်း၊ ကိုယ်လက်လှုပ်ရှားလုပ် ခြင်းတွေကို ပိုတိုးပြီးလုပ်စေချင်ပါတယ်။ ဆေးဝါးကုသခြင်းများကိုလည်း တတ်နိုင်သမျှ မလွတ်သွားစေဖို့ ဂရုပြုကြပါ။ မုန့်ချိုအိပ်လေးကျန်းမာပြီး ဆီးချိုသွေးချိုကို အကောင်း ဆုံး ထိန်းထားနိုင်ပါစေ။

#မုန့်ချိုအိတ်လေးကျန်းမာဖို့

မုန့်ချိုအိတ်လေးကျန်းမာဖို့ အရက်အလွန်အကျွံသောက်တာ ရှောင်ပါ။ ဆေးလိပ် ဖြတ်ပါ။ အဆီမပါဘဲ တတ်နိုင်သမျှ စားပါ။ အဆီတက်စေတဲ့ ထောပတ်၊ စားအုန်းဆီနဲ့ တိရိစ္ဆာန်ဆီတွေကို ရှောင်ပြီး ကျန်းမာရေးနဲ့ညီတဲ့ ငါးအဆီ၊ အရွက်ဆီ တွေကို ရွေးချယ်ပါ။

အချိုရည်၊ ဘာဂါ နဲ့ ကြက်ကြော်လိုမျိုး အမြန်စာတွေကို ရှောင်ပါ။ ဆီနဲ့ကြော်ပြီး ချက်ပြုတ်မယ့်အစား ပြုတ်ပြီးစားတာ၊ ရေနွေးငွေ့နဲ့ပေါင်းစားတာ၊ မီးကင်မီးဖုတ်ပြီး ချက်ရတာမျိုးကို ပိုရွေးချယ်ပါ။

ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီးတွေ၊ ငါးတွေကို ရွေးချယ်စားသုံးပါ။ သစ်သီး အစိမ်း ရောင်အရွက် အစေ့အဆံတွေကို စား‌သောက်ပါ။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ရဖို့ ဝနေပါက ဝိတ်ချပါ။ နေ့စဉ် ရေကို နှစ်လီတာ အထက် သောက်ပါ။ အစာကို တစ်ခါထဲ ပမာဏအများကြီးစားတာမျိုး မလုပ်ဘဲ ပမာဏ နည်းနည်းခြင်းစီကို အကြိမ်ရေများများ စားတာမျိုးလုပ်ပါ။

AyeyarwaddyTimes သတင်းစာမျက်နှာကို ဖတ်ရှုနေကြသူတွေရဲ့ မုန့်ချို အိတ်လေး ကျန်းမာစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်။ ကျန်းမာစေဖို့အတွက် လုပ်ဆောင် သင့်တဲ့ အကျင့်ကောင်းတွေကိုလည်း လိုက်လုပ်ကြစေလိုပါတယ်။

နောက်တစ်ပတ်မှာတော့ “နေရပ်စွန့်ခွာ စစ်ဘေးရှောင် ပြေးနေရသူများနှင့် ကျန်းမာရေး ပြသနာများ” ကို ဖော်ပြပေးသွားပါမယ်။ တတိုင်းပြည်လုံး အောင်ခြင်း မင်္ဂလာဖြင့် ပြည့်စုံတဲ့ စစ်မက်အဆုံးသက် ဖက်ဒရယ်နေ့ရက်များ အမြန်ရစေဖို့ ဆန္ဒပြုလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #သိကောင်းစရာမုန့်ချိုအိတ်ရောင်ခြင်းနဲ့ဆီးချိုသွေးချိုရောဂါ #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)