ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၈ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် ယခုအခါတွင် နိုင်ငံလုံးအဆင့် စစ်ဆင်ရေး၏ ပထမအဆင့်အဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

လက်ရှိတိုက်ပွဲများဖြစ်ပွားနေသော ကိုးကန့်၊ တ‌အာင်း နှင့် ရခိုင်ဒေသအတွင်း အပါအ၀င် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်လာပြီး စစ်ကောင်စီတပ်စခန်းများကိုလည်း သိမ်းပိုက်လာနိုင်သည့်အတွက် မျှော်မှန်းထားသည့် ရည်မှန်းချက်များကို အကောင်အထည် ဖော်နေနိုင် သည်မှာ Nationwide Operation ၏ ပထမဆုံး အဆင့်ပင်ဖြစ်ကြောင်း ညီ နောင်မဟာမိတ်အဖွဲ့က ဆိုသည်။

ရှမ်းမြောက်မှ စတင်ခဲ့သည့် စစ်ဆင်ရေးသည် ယခုအခါတွင် မြန်မာနိုင်ငံတ၀န်းလုံးရှိ စစ်ရေးအရှိန်များ ကြီးမားကျယ်ပြန့်လာပြီး စစ်ကောင်စီအနေဖြင့် မြေပြင်ထိုးစစ် မဆင်နိုင်တော့ဘဲ အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြု၍ နိုင်ငံတကာစစ် ဥပဒေများကို ချိုးဖောက်ကာ စစ်ရာဇ၀တ်မှုများကို နေ့စဉ်ကျူးလွန် လျက်ရှိကြောင်း ဆိုသည်။

ညီနောင် မဟာမိတ်အဖွဲ့က ယခုကဲ့သို့ တစ်နိုင်ငံလုံးအဆင့် စစ်ဆင်ရေး ဖော်ဆောင်နေကြောင်း ကြေညာလိုက်ခြင်းသည် နိုင်ငံအနှံ့ပိုမိုပြင်းထန်ကျယ် ပြန့်သည့် စစ်ဆင်ရေးများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင် သွားမည့် အခြေအနေပင်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အလားတူ ညီနောင်မဟာမိတ်အဖွဲ့၀င်ဖြစ်သည့် ကိုးကန့်တပ်မတော် MNDAA က လောက်ကိုင်မြို့ကို ချီတက်တိုက်ခိုက်တော့မည်ဟု ကြေညာပြီးသည့်နောက်ပိုင်း ယနေ့ နို၀င်ဘာလ ၁၈ ရက်နေ့တွင် လောက်ကိုင် မြို့အတွင်းရှိ တရုတ်နိုင်ငံသားများအနေဖြင့် အသက် ဘေးအန္တရာယ်လုံခြုံရေးအတွက် မိမိနိုင်ငံသို့ အမြန်ဆုံးပြန်ကြရန် အသိပေး ထုတ်ပြန်ထားသည်။

ထို့အပြင် မြို့အတွင်းနေထိုင်ကြသော အရပ်သားများအနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးဌာန၊ တပ်စခန်းများနှင့် အမြန်ဆုံးတတ်နိုင်သမျှ ဝေးဝေးနေကြရန်နှင့် လောက်ကိုင်အနီးတစ်ဝိုက်သည် စစ်မြေပြင်များဖြစ်သည့် အတွက် စစ်တပ်၏ပစ်ခတ် တိုက်ခိုက်မှုမှကာကွယ်ရန် အရပ်သားများအနေဖြင့် မိမိသဘော ဖြင့် နေရာ ပြောင်းရွှေ့သည်များ မပြုလုပ်ကြရန် တိုက်တွန်းကြောင်း အသိပေးစာ ထုတ်ပြန်ထားသည်။

ပုံစာ- MNDAA တပ်ဖွဲ့

#ရှမ်းမြောက်တိုက်ပွဲ #ညီနောင်မဟာမိတ်သုံးဖွဲ့ #၁၀၂၇စစ်ဆင်ရေး #နိုင်ငံလုံးအဆင့်ပြောင်းလဲ #လောက်ကိုင် #အရပ်သားများပြောင်းရွှေ့ #MNDAAစာထုတ် #Ayeyarwaddy_Times