
ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ နိုဝင်ဘာလ ၁၈ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ တောင်ငူမြို့မှ ၄ မိုင်ခန့်သာကွာဝေးသည့် တောင်ငူအခြေစိုက် ခလရ ၃၉ တပ်ရင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ ၁၇ ရက်နေ့ည မှစတင်ကာတိုက်ခိုက်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်း အထိတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်ငူမြို့မှ လေးမိုင်သာကွာဝေးသည့် အမှတ် ၃၉ ခြေလျင်တပ်ရင်းကို ယမန်နေ့ည ၇ နာရီမှ ၁၀ နာရီထိတစ်ကြိမ်၊ ယနေ့နိုဝင်ဘာလ နံနက်ပိုင်းတွင်တစ်ကြိမ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မျက်မြင်တွေ့ရှိချက်များ အရ ခလရ- ၃၉ တပ်ရင်းမှ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ပြီး ယခုအခါ လုံခြုံရာသို့ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
“အခုအချိန်ထိ သိရသလောက်က ခလရ ၃၉ တပ်ရင်းအစပ်မှာ တပ်သား နှစ်ယောက် ကျတယ်။ အခုထိ အလောင်းလာမကောက်သေးဘူးလို့သိရတယ်။ ဝော်လှန်ရေးတပ်ဖွဲ့ တွေကတော့ လုံခြုံရာကို ပြန်ရောက်ပါပြီ။ ဒီနေ့မနက်မှာတော့ စစ်တပ်ကထုံးစံအတိုင်း တစ်နေကုန် လေကြောင်းနဲ့ တိုက်ခိုက်တယ်။ သူတို့မှာတိကျတဲ့ ပစ်မှတ်မရှိတော့ အနီး အနားဝန်းကျင်က မဲမဲမြင်ရာကို လိုက်ပစ်နေတာ” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တောင်ငူမြို့အနီး တိုက်ခိုက်ခံရမှုကြောင့် တောင်ငူအကျဉ်းထောင်မှ အကျဉ်းသားများကို ပြောင်းရွှေ့နေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဧရာဝတီတိုင်းမ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။
ခလရ ၃၉ တပ်ရင်း တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး Mi-35 ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်မှုများကို ယနေ့ နေ့လယ်ပိုင်းအထိ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ခလရ ၃၉ တပ်ရင်းအနီးဝန်းကျင်ရှိ ကျေးရွာ ငါး ရွာနှင့် အထက် ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။
“တောင်ငူမြို့နားမှာဖြစ်တာဆိုတော့ နေ့လယ် ၁၂ နာရီလောက်အထိကို မြို့ကို ပိတ်ထားပြီးတော့ မြို့အဝင်ကိုတော့ တော်တော်လေး စစ်ဆေးတင်းကျပ်ထားတယ်။ မြို့အထွက် ကဝော့ာ အဲ့ဒီလောက်မတင်းကျပ်ဘူး” ဟု အဆိုပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်လက် ပြောသည်။
စစ်ကောင်စီ၏ နေ့တစ်ဝက် ဝန်းကျင် ရဟတ်ယာဉ် နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက် မှုကြောင့် သပြေလှကျေးရွာရှိ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ် နေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင်အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#တောင်ငူ #ခလရ၃၉ #တိုက်ခိုက်ခံရ #စစ်ကောင်စီတပ်သား၂ဦးသေ #လေကြောင်းတိုက်ခိုက် #Mi35 #အရပ်သားသေဆုံး #Ayeyarwaddy_Times