နွေဦးမောင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်

စစ်ကောင်စီတပ်သည် ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နိုဝင်ဘာ ၁၇ ရက်နေ့ ညမှစတင်၍ စခန်းချကာ တပ်စွဲထားကြောင်း ဒေသခံများထံက သိရသည်။

ဒေသခံပြည်သူများ ဆေးကုသမှုခံယူရန်အတွက် ဖွင့်လှစ်ထားသည့် အထွေထွေ ရောဂါကုဆေးရုံတွင် မည်သည့်အတွက်ကြောင့် စစ်ကောင်စီတပ်က စခန်းချ၍ လာရောက်တပ်စွဲနေခြင်းဖြစ်သည်ကို သိရှိရခြင်းမရှိကြောင်း ဆေးရုံနှင့်နီစပ်သူများက ဆိုသည်။

“စစ်ကောင်စီတပ်က အာဏာသိမ်းပြီး တစ်လလောက်မှာလည်း ပြည်သူ့ဆေးရုံကြီးကိုကော ယခင်ဆေးရုံအဟောင်းကိုပါ ဝင်ရောက်စီးနင်းပြီး တပ်စွဲခဲ့တာလုပ်ခဲ့ သေးတယ်။ အခုတခါ ပြည်သူ့ဆေးရုံကြီးမှာ ဘာကြောင့် တပ်စွဲထားတာလဲ၊ ဘာဖြစ်ပြန်ပြီလဲဆို တာကိုတော့ စိတ်ဝင်စားနေတယ်” ဟု မအူပင်မြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ရဲစခန်းများကို ညီနောင် မဟာမိတ်သုံးဖွဲ့နှင့် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ခဲ့ပြီးနောက် ဧရာ၀တီတိုင်းရှိ စစ်ကောင်စီတပ်သည် ကင်းပတ်ခြင်း၊ ကင်းပုန်းဝပ်ခြင်း များကို ဟန်ရေးပြ လုပ်ဆောင်လာကြောင်းသိရသည်။

“ဆေးရုံးမှာ တပ်စွဲထားတာ နယ်ခံ စစ်တပ်တော့မဟုတ်ဘူး။ မအူပင်အခြေစိုက် ခလရ ၂၇ တပ်က ရခိုင်ပြည်နယါမှာ ရှေ့တန်းထွက်နေတာ။ အခုကဘယ်ကတပ်မှန်းတော့ မသိဘူး။ ဆေးရုံထဲ နေရာယူတပ်စွဲတယ်ဆိုကတည်းက စစ်ကောင်စီတပ်က သွေးပျက်နေပြီဗျ” မအူပင်မြို့ခံက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းမှ ဧရာဝတီတိုင်းသို့ ဝင်ရောက်သည့် မြို့ဝင်စစ်ဆေးရေးဂိတ်များတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့ကစတင်၍ လုံခြုံရေးတင်းကျပ်ခြင်းများ စတင် လုပ်ဆောင်နေပြီး ရန်ကုန်၊ တွံတေး နှင့် မအူပင် အဝင်ဖြစ်သည့် ခတ္တိယဂိတ်၊ ရန်ကုန်မှ ဧရာဝတီတိုင်းအတွင်းဝင်သည့် ပန်တိုင်ဂိတ်တို့တွင်လည်း လုံခြုံရေး တင်းကျပ် ထားကြောင်းသိရသည်။

စစ်ကောင်စီသည် ခရီးသွားယာဥ်များ သာမက ကုန်တင်ယာဥ်များကိုပါ ကားပေါ်မှ ဆင်း၍ လမ်းလျှောက် ခိုင်းခြင်း၊ လူတစ်ယောက်ခြင်းကို ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ် နေကြောင်း ခရီးသွားပြည်သူများထံက သိရသည်။

#မအူပင်မြို့ #ပြည်သူ့ဆေးရုံကြီး #စစ်ကောင်စီတပ်စွဲ #Ayeyarwaddy_Times