ဧရာဝတီတိုင်းမ်
နိုဝင်လာလ ၁၈ ရက်

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို နိုင်ငံရေး လှုပ်ရှားမှုများကြောင့် တိမ်းရှောင်နေသူများ၏ စာရင်းများကို နို၀င်ဘာလအတွင်း လိုက်လံ ကောက်ယူ ခိုင်းနေကြောင်း သိရှိရသည်။

“အဓိကကတော့ ရပ်ကွက်ထဲမှာပြန်ရောက်နေလား ၊ သူက သာမန်ပြေးတာလား PDFထဲ၀င်သွားလား၊ သူ့အိမ်အပြင် ဆွေမျိုးနေအိမ်တွေပါ စာရင်းလုပ်ပေးရတာ။ စောင့်ကြည့်ရတဲ့ နောက်ဆုံးအခြေအနေကို စာရင်းလုပ်ပြီး တင်ပြပေးရတာပဲ”ဟု ပုသိမ်မြို့မှ အုပ်ချုပ်ရေးအဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဧရာ၀တီတိုင်းအတွင်းသို့ တော်လှန်ရေးအင်အားစုများ ပြန်လည်ရောက်ရှိလာသည်ဟု သတင်းများထွက်ပေါ်လာသည့် အတွက် တိုင်းစစ်ကောင်စီမှ အစည်းအဝေးပြုလုပ်ကာ ယခုကဲ့သို့ ကြိုတင်ကာ ၀င်ရောက်နိုင်သူများကို စာရင်းပြုလုပ်ခိုင်းခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် ဧရာ၀တီတိုင်း၏ ရခိုင်ရိုးမနှင့် ပဲခူးတိုင်းဆက်စပ်နေသော ကြံခင်း​ ၊အင်္ဂပူ ၊ မြန်အောင်၊ ရေကြည်၊ သာပေါင်း၊ပုသိမ်မြို့နယ်နှင့် ကမ်းခြေဒေသများဖြစ်သော ချောင်းသာ၊ငွေဆောင်၊ ငရုတ်ကောင်း၊မော်တင်လမ်းများကို နို၀င်ဘာ ၁၃ ရက်နေ့ကစတင်ပြီး လုံခြုံရေးတိုးမြှင့်ကာ ကင်းပုန်းများ၀ပ်နေပြီ ဖြစ်ကြောင်း ဒေသခံများထံမှသိရှိရသည်။

မြို့နယ်အလိုက် ရပ်ကွက်များတွင် နယ်ထိန်း၊ ရာအိမ်မှုး၊ ဆယ်အိမ်မှုးများမှ လိုက်လံစာရင်းပြုစုနေခြင်းဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားသူများ ပြန်လာပါက ဖမ်းဆီးအရေးယူမှုများ မပြုလုပ်ပဲ ပြန် လည်လက်ခံမည်ဟု အယုံသွင်းပြောဆိုနေကြောင်း၊ လိုက်လံအကြောင်းကြားစာရင်း ကောက်ယူခြင်းခံရသည့် မိသားစုဝင်များထံမှ သိရှိရသည်။
#ဧရာ၀တီ #နိုင်ငံရေးလှုပ်ရှားမှုများကြောင့် #တိမ်းရှောင်နေရသူများ #စစ်ကောင်စီကစာရင်းကောက် #Ayeyarwaddy_Times