
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အဝေးသင်စာမေးပွဲ သွားရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ စစ်တွေတွင် ပိတ်မိနေသည်ဟု သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေနေကြောင့် ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပိတ်ထားသဖြင့် စစ်တွေတွင် စာမေးပွဲ ဖြေဆိုကြသည့် ပလက်ဝမှ အဝေးသင်ကျောင်းသားများ နေရပ်မပြန်နိုင်ဘဲ ပိတ်မိနေသည်ဟု သိရှိရသည်။
“စာမေးပွဲက ဒီနေ့ပြီးသွားပါပြီ။ ရခိုင်နဲ့ ပလက်ဝ လမ်းကြောင်းတွေကို ပိတ်ထားတော့ အိမ်ပြန်လို့မရသေးဘူး။ စစ်တွေမှာလည်း ညဘက်ဆို ပစ်ခတ်သံတွေ ကြားနေရတော့ စာမေးပွဲကောင်းကောင်း မဖြေခဲ့ရဘူး။ ပလက်ဝပြန်ချင်ပြီ။ လမ်းကြောင်းက ဘယ်နေ့ဖွင့်ပေးမလဲ မသိသေးဘူး ” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တွေမြို့တွင် ပိတ်မိနေသည့် ပလက်ဝကျောင်းသား၊ ကျောင်းသူ ၃၀ ဦးခန့်ရှိပြီး ၎င်းတို့သည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖြေဆိုသည့် အဝေးသင် စာမေးပွဲအား ဖြေဆိုကြရန် နိုဝင်ဘာ ပထမအပတ်မှ စ၍ စစ်တွေသို့ ရောက်ရှိလာကြသူများ ဖြစ်သည်။
စစ်ကောင်စီက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားသည့် ရေလမ်း၊ ကုန်းလမ်းများကို နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်းမှ စပြီး ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ယခုနှစ် စစ်တွေမြို့တွင် အဝေးသင် စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူ ၁၅၀၀၀ ကျော်ရှိကြောင်း သိရသည်။
#ချင်းပြည် #ပလက်ဝ # ရခိုင်ပြည်နယ် #စစ်တွေ #အဝေးသင် #Ayeyareaddy_Times