
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၈ ရက်
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် စစ်ပြေး၊ စစ်ရှောင်ရန်ဖြစ်လာသည့် ပြည်သူများအနေနှင့် PNLO အခြေပြုဒေသတွင် လာရောက်ခိုလှုံနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်သို့ စစ်ဘေးရှောင်လာသည့် ကယား ပြည်နယ်မှ လူမျိုးပေါင်းစုံ ပြည်သူများကို ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် အခြေပြုရာဒေသများတွင် လာရောက်ခိုလှုံနိုင်ပြီး ၎င်းတို့တတ်အား သမျှ ကူညီသွားမည်ဟု PNLO အဖွဲ့ချုပ်က ဆိုသည်။
လွိုင်ကော်မှ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းသို့တိမ်း ရှောင်လာသည့် စစ်ရှောင်ပြည်သူများကို စစ်ကောင်စီ က အ၀င်မခံဘဲ စစ်ဆေးမှုများပြုလုပ်ပြီး နေရပ်သို့ အတင်း အကြပ်ပြန်လည်စေလွှတ်နေကြောင်း သိရသည်။
“လွိုင်ကော်ကလူတွေဆိုရင် စစ်ကောင်စီက အ၀င်မခံ ဘူး။ အကုန်ပြန်လှည့်ခိုင်းတယ်။ ဒေသခံတွေက လက်ခံတယ်ဆိုလို့ လာခဲ့ပေမယ့် ခရိုနီတွေက သူတို့ နေရာကို စစ်ရေးကူးစက်လာမှာစိုးပြီး ကျွန်တော်တို့ကို အ၀င်မခံဘူး။ လမ်းမှာတင်ပိတ်မိနေတာ”ဟု ကရင်နီဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းကဲ့သို့ စစ်ကောင်စီက လွိုင်ကော်မှ စစ်ဘေးရှောင်များကို ရှမ်းတောင်အတွင်းသို့ အ၀င်မခံဘဲ တိုက်ပွဲဖြစ်ပွားနေသည့် မြို့များသို့ ပြန်လည်စေ လွှတ်နေသည့်အခြေအနေတွင် PNLO က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
PNLO အနေနှင့် စစ်ပြေး၊ စစ်ရှောင်များကို လုံခြုံရေး၊ စား၀တ်နေရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင် ရာ အကူအညီများကို NCA ပါ ပြဋ္ဌာန်းချက်များနှင့် အညီ အတတ်နိုင်ဆုံး ဆောင်ကျဥ်းပေးနိုင်ရန်အတွက် ကူညီကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းထား ကြောင်း ထုတ်ပြန်ထားသည်။