
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်
စစ်ကောင်စီလက်အောက်ရှိ နိုင်ငံတော်ပိုင်ဘဏ်ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်များ အကြောင်းတစ်စုံတရာ ကြောင့် ယာယီပိတ်သိမ်းခံရပါက အပ်နှံငွေများမဆုံးရှုံးစေရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့တွင် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကသိမ်းပိုက်ထားပြီး မြန်မာ့စီးပွားရေးဘဏ်မှ သိမ်းဆည်းရမိသည့် အပ်နှံငွေများကိုစနစ်တကျစီမံခန့်ခွဲမည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ( NUG ) က ထုတ်ဖော်ပြောဆိုသည်။
မြန်မာ့စီးပွားရေးဘဏ်ခွဲတစ်ခု၏ ဘဏ်လုပ်ငန်းများ ယာယီရပ်ဆိုင်းသွားချိန်တွင် ယင်းအချက်အလက်များကို မြန်မာ့စီးပွားရေး ဘဏ်ရုံးချုပ်အပါအဝင်တိုင်းနှင့်ပြည်နယ်ရုံး၊ ဘဏ်ခွဲအဆင့်ဆင့်တို့တွင် မြန်မာစီးပွားရေး ဘဏ်ခွဲ များရှိ စာရင်းအချက်အလက်များကို စနစ်တကျထိန်းသိမ်းထားရှိသဖြင့် ပြည်သူများ နစ်နာမှုမရှိစေရန် ဆောင်ရွက်ပေးမည်ဟု စစ်ကောင်စီက အာမခံသည်။
ထို့ပြင်ယာယီအပိတ်ခံရသည့် ဘဏ်နှင့်ဆက်သွယ်နေသည့် ငွေအပ်နှံသူ အများပြည်သူများ နစ်နာမှုမရှိစေရန် အခြားမြန်မာ့စီးပွားရေးဘဏ်ခွဲများနှင့် ချိတ်ဆက်ပြီး ဘဏ်ဝန်ဆောင်မှုများဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
“ အရင်အခြေအနေနဲ့ဆို အစိုးရဘဏ်ဆိုတော့ စိတ်ချရတယ်။ အစိုးရကဘာမှမလုပ်ဘူးဆိုပြီး အပ်ထားတာ။ အခုအာဏာသိမ်းတော့ နည်းနည်းပဲရှိတာနဲ့မထုတ်တော့ဘူး။ အတိုးကလည်း တစ်နှစ်နေမှတစ်ခါပေးတာထင် တယ်။ အတိုးမတွက်ဘူး” ဟု မြန်မာ့စီးပွားရေးဘဏ်အကောင့်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင်အငြိမ်းစားယူသူနိုင်ငံဝန်ထမ်းများအတွက် ပင်စင်ငွေကို မြန်မာ့စီးပွားရေးဘဏ်မှထုတ်ယူရခြင်းဖြစ်ပြီး နိုင်ငံ့စီမံကိန်းလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှကဏ္ဍာ၊ ဝန်ဆောင်မှုလုပ်ငန်များအပါအဝင် နိုင်ငံတော်ကဦးစားပေး ချေးငွေထုတ်ချေးပေးရသည့် လုပ်ငန်းများအတွက် ချေးငွေထုတ်ပေးရသည့် ဘဏ်ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများ သိမ်းပိုင်ထားသော မြန်မာ့စီးပွားရေးဘဏ်ရှိ ငွေသား သန်း ၉၅၀ ကျော်ကို တော်လှန်ရေးရန်ပုံငွေ အတွက် စီမံခန့်ခွဲမည်ဖြစ်ပြီး စာရင်းအတိအကျဖြင့် ငွေအပ်နှံသူ ပြည်သူများနစ်နာမှု မရှိစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ပြောကြားထားသည်။
မြန်မာ့စီးပွားရေးဘဏ်တွင် အများပြည်သူများ၏ အပ်နှံငွေများနှ ငွေသားထုတ်ယူရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စည်းမျဉ်းများနှင့်အညီထုတ်ပေးနေကြောင်း စစ်ကောင်စီလက်အောက်ရှိ မြန်မာ့စီးပွားရေးဘဏ်က ထုတ်ပြန်သည်။
ဓာတ်ပုံ – ပုံဟောင်း ၂၀၂၁ ခုနစ်
#မြန်မာစီးပွားဘဏ် #စစ်ကောင်စီ # အပ်နှံငွေ #ကောလင်းမြို #NUG #Ayeyarwaddy_Times