ဗွီအာတီ၊ ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဇူလိုင် ၂၄ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ် ရင်းကိုရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဥ်တန်း အစီးရေ ၁၀၀ ကျော်ဟာ ဇူလိုင်လ ၂၁ ရက်နေ့က မင်းတပ်မြို့မှ မကွေးတိုင်း၊ကျောက်ထုမြို့ကို ပြန်လည်ထွက်ခွာခဲ့ပြီး အဲ့ဒီယာဥ်တန်းထွက်ခွာချိန်က စလို့ ဒီကနေ့အထိ မင်းတပ်မြို့ နယ်နဲ့ ယောဒေသမှာ အင်တာနက်၊ဖုန်းလိုင်းဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီယာဥ်တန်းဟာ ဇူလိုင်လတတိယပတ်အစက ပခုက္ကူ ကနေ ထွက်ခွာလာတာဖြစ်ပြီး မင်းတပ်မြို့အခြေ စိုက်တပ်ကို ဇူလိုင်လ ၂၀ ရက်နေ့မှာရောက်ရှိပြီးလာတာဖြစ်ပါတယ်။

“မင်းတပ်မြို့ထဲကို ထောက်ပို့ယာဉ်တွေ ဝင်လာပြီးတော့ မြို့အနောက်ဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်တယ်။ ပစ္စည်းတွေအပြီးချပြီး နောက်နေ့ကျောက်ထုဘက်ကို တန်းပြန်ဆင်းတယ်။ အဲ့ဒီထဲက မင်းတပ်မြို့နယ်မှာ ဖုန်းလိုင်းရော၊အင်တာနက်ရော အကုန်ဖြတ်ထားတာ ဒီနေ့ထိဘဲ” လို့ မင်းတပ်မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။\

အဲ့ဒီ ယာဥ်တန်း မင်းတပ်ကို တက်လာတဲ့အချိန်မှာ မင်းတပ်-ကျောက်ထုအကြား ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်တွေလည်း အကုန်လုံးပြန်ရုတ်သိမ်းသွားတာတွေ့ရတယ်လို့ CDF-Mindat ရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီယာဥ်တန်းဟာ လက်ရှိကျောက်ထုမြို့ အမြောက်တပ်ကိုရောက်ရှိနေပြီး ကျောက်ထုမြို့ နယ်မှာလည်း ယခင်က အင်တာနက်ဖြတ်တောက် တာအပြင် ဖုန်းလိုင်းတွေပါဖြတ်တောက်ခံထားရပြီး ယောဒေသ မြို့နယ်အားလုံးနီးပါးလည်းဖုန်းလိုင်းဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။

” အရင်က အင်တာနက်ဘဲမရတာ အခုက ဖုန်းလိုင်းပါမရတာ ၅ ရက်လောက်ရှိပြီ။ ဂန့်ဂေါခရိုင်ထဲကဒေသအတော် များများဖြတ်ခံရတာလို့သိရတယ်။ အင်တာနက်ကတော့မရတာ ၁၀ လလောက်ရှိပြီ။ ခုကဖုန်းလိုင်းပါဖြတ်ထားတာ” လို့ ဒေသခံတဦးကပြောပါတယ်။

ဆော-ဆိပ်ဖြူလမ်းပိုင်းမှာလည်း အခုလအလယ်ပိုင်းကစလို့ ဒေသကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဘက်ထိခိုက်မှုတွေလည်းရှိနေပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ထောက်ပို့ယာဥ်တန်းတွေ အသုံးပြုနေတဲ့ ကျောက်ထု – ပခုက္ကူလမ်းပိုင်း၊ကျောက်ထု – ဆောလမ်းပိုင်း၊ ဆော-ဆိပ်ဖြူလမ်းပိုင်းတွေကို ပြည်သူတွေအနေနဲ့ ယာယီအသုံးမပြုကြဖို့ ယောဒေသလုံးဆိုင်ရာတပ်ပေါင်းစု YRPA ကလည်း သတိပေးထုတ်ပြန်ထားပါတယ်။