နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို သိမ်းပိုက်ရရှိပြီးနောက် မြန်မာ့ စီးပွားရေးဘဏ်မှ သိမ်းဆည်းရမိခဲ့သည့် ဘဏ္ဍာရံပုံငွေများကို ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း၍ တော်လှန်ရေးအတွက် စီမံခန့်ခွဲနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ထံက သိရသည်။

ကောလင်းမြို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံတော်ပိုင် ဘဏ္ဍာငွေများနှင့် ပြည်သူလူထုအပ်နှံငွေ သန်းပေါင်း ၉၅၂ သန်းကို သိမ်းဆည်းရမိပြီး အဆိုပါငွေများအား NUG အစိုးရ၊ ကြားကာလဗဟိုဘဏ်က သိမ်းဆည်းထားကာ ပြည်သူများ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်နေကြောင်း NUG အစိုးရက ထုတ်ပြန်ပြောဆိုထားသည်။

ထို့နောက် နိုဝင်ဘာ ၈ ရက်တွင် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ကို NUG ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့်အမှတ် (၁/၂၀၂၃) ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။

NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကလည်း “မြေပြင်မှာ ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က အခုအချိန်မှာ ပြည်သူတွေရဲ့ ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြန်လည်ကယ်ဆယ်ရေးတွေ၊ ကောလင်းတိုက်ပွဲမှာ အသက်စွန့်သွားတဲ့ ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်တဲ့ မိသားစုတွေကို ပြန်လည်ပြီးတော့ ကူညီထောက်ပံ့ရမှာတွေ ရှိသေးတယ်” ဟု SDB ဘဏ် အစုရှယ်ယာ ရောင်းချမှု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါအဖွဲ့မှ ပြည်သူများ မြို့တွင်း၌ ပြန်လည်အခြေချ နေထိုင်နိုင်ရန် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်ခဲ့သော မြို့ခံပြည်သူများအနေဖြင့် ကောလင်းမြို့တွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၄ ရက် နေ့ရက်စွဲဖြင့် NUG က ထုတ်ပြန်အသိပေးထားသည်။

ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့သည် ဘဏ္ဍာရေးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစီမံချက်အတိုင်း စနစ်တကျလိုက်နာ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့မှ မြေပြင်လိုအပ်ချက်အတိုင်း တင်ပြလာသည့်အပေါ် မူတည်၍ ထိုဘဏ္ဍာရံပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်သလို လုံလောက်မှု မရှိပါက ပြည်ထောင်စုမှ ဖြည့်တင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

“နောက်တစ်ခုက ခရိုင်လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ အရေးပေါ် လိုအပ်တဲ့ အခြားပစ္စည်းပစ္စယ ဝယ်ယူတာတွေ၊ ဖြည့်တင်းတာတွေ ဒါတွေလည်း ရှိပါတယ်။ အဲဲဒီတော့ ဒါတွေအားလုံးကို ကျွန်တော်တို့အနေနဲ့ စာရင်းဇယား မှတ်တမ်းယူပြီးနောက် မြေပြင်ရဲ့ လိုအပ်ချက်အပေါ်မှာ မူတည်ပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း အရေးပေါ်လိုအပ်တဲ့ဟာ အားလုံးကို ကျွန်တော်တို့ ပြန်လည်ပြီးတော့ စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။ အဲဒီစီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွေတောင်မှ အခုစနေပြီလို့ ပြောလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အခြေအနေ တည်ငြိမ်ချိန်တွင် ထိန်းသိမ်းပြုစုထားသည့် စာရင်း၊ ဇယား၊ မှတ်တမ်းများနှင့်အညီ ပြည်သူ့အပ်နှံငွေများ ပြည်သူ့ထံ ပြန်လည်ရရှိရန် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG ထံက သိရသည်။

မြို့သိမ်းတိုက်ပွဲများအပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေသည့် ဒေသများတွင် ပုဂ္ဂလိက ဘဏ်များရှိ ပြည်သူ့အပ်နှံငွေများ မဆုံးရှုံးစေရန်နှင့် စစ်ဘေးရှောင်များကို ကူညီနေကြောင်း NUG ၏ ထုတ်ပြန်ချက်များအရ သိရသည်။

“ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ သိမ်းပိုက်နယ်မြေတွေမှာရှိတဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း စီမံချက်ထဲမှာ နိုင်ငံတော်ပိုင် ဘဏ်တွေသာမက ပုဂ္ဂလိက ဘဏ်တွေလည်းပါတယ်။ ကောလင်းမှာလည်း KBZ တွေ ရှိတယ်၊ ဧရာဝတီတို့ ရှိတယ်၊ အခြားဘဏ်ခွဲတွေလည်း ရှိတယ်။ ဒီဘဏ်ခွဲတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ Standard Operating Procedure – လုပ်ထုံးလုပ်နည်း စီမံချက်ထဲမှာ အသေးစိတ် ထည့်ထားတယ်” ဟု NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

ထို့ပြင် ပုဂ္ဂလိက ဘဏ်များ၏ အဆောက်အအုံ၊ ဘဏ်ဝန်ထမ်း (ရှိပါက)၊ ဘဏ်အတွင်းရှိ ငွေသား၊ ဘဏ်ငွေတိုက်(Vault)၊ စာရင်းမှတ်တမ်းများ၊ စာချုပ်စာတမ်းများ၊ ပေါင်နှံစာရွက်စာတမ်းများ (Collateral)၊ ဘဏ်အတွင်းရှိ ပစ္စည်းများနှင့်ပတ်သက်၍ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ လိုက်နာရန် တင်းကျပ်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-NUG
#ကောလင်းဘဏ် #သိမ်းဆည်းရမိသည့် #ဘဏ္ဍာရံပုံ #တော်လှန်ရေး #စီမံခန့်ခွဲနေဟု #NUGပြော
#Ayeyarwaddy_Times