
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ ဖြစ်ပွါးသည့် တိုက်ပွဲကြောင့် ဒုံးညို(မြို)ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရနေစဉ် မိုးသည်းထန်စွာရွာသွန်းမူကြောင့် လသားအရွယ် ကလေးငယ်တစ်ဦး အအေးမိ၍ သေဆုံးခဲ့ရသည်ဟု ဒေသခံများထံက သိရှိရသည်။
ဒုံးညို(မြို) ကျေးရွာနေ ပြည်သူ ၅၀၀ ကျော်သည် နိုဝင်ဘာ ၁၄ ရက်နေ့မှစ၍ ၎င်းကျေးရွာနှင့် ၅ မိုင်အကွာခန့်ရှိသည့် မေယုတောထဲသို့ အမိုးအကာမပါဘဲ သစ်ပင်၊ ကျောက်တုံးနှင့် ခြုံတောတို့ကို မှီခိုပြီး စစ်ဘေးရှောင်နေရသည်မှာ လေးရက်ခန့် ရှိပြီ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မောင်တောမြို့နယ်မှာ ၁၄ ရက်နေကတည်းက တိုက်ပွဲ ၂ နေရာဖြစ်တယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် လက်နက်ကြီးရမ်းသမ်းပြီး ပစ်ခတ်နေတယ်။ ကျွန်တော်တို့ရွာအနားက နယ်ခြားစောင့်ရဲစခန်းကိုလည်း AA က လက်နက်ချ အလင်းဝင်ဖို့ အသိပေးအကြောင်းကြားလာတော့ တိုက်ပွဲဖြစ်မှာကို သိလို့ ကြိုရှောင်နေရတာပါ”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
နိုဝင်ဘာ ၁၅ ရက်နေ့ကစ၍ မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် အဆိုပါ စစ်ဘေးရှောင်နေရာရှိ ကလေးငယ်အများပြား နားမကျန်ဖျားနာနေကြပြီး ခုနှစ်လသား မိန်းကလေးငယ် တစ်ဦးသည် အချမ်းလွန်ကာ အအေးမိ၍ သေဆုံးခဲ့ရသည်ဟု စစ်ဘေးရှောင် တစ်ဦးထံက သိရှိရသည်။
” ဒီဘက် ၁၅ ရက်နေ့စပြီး မိုးအရမ်းရွာတယ်။ အမိုးအကာ မရှိတော့ ကလေးတွေအတွက် အရမ်းဒုက္ခရောက်ရတယ်။ ထမင်းဟင်းချက်ဖို့တောင် မရဘူး။ စစ်ဘေးရှောင်က ကလေးတွေ အကုန်နီးပါး အချမ်းလွန်ပြီး ဖျားနာနေကြတယ်။ ယမန်နေ့က စစ်ဘေးရှောင်ထဲကဘဲ လသားအရွယ် ကလေးတစ်ယောက် ဆုံးသွားခဲ့တယ်”ဟု ဆိုပါသည်။
ဒုံးညို(မြို)ကျေးရွာရှိ စစ်ကောင်စီ၏ နယ်ခြားစောင့် ရဲစခန်းကို နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းနေစဉ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် နေ့လယ် (၁၂) နာရီ (၂၀) မိနစ်မှစတင်ပြီး သုံးကြိမ်တိုင် လှည့်ပတ်တိုက်ခိုက်ခဲ့သည်ဟု နိုဝင်ဘာ ၁၆ ရက်နေ့တွင် AA က ထုတ်ပြန်ထားသည်။
ပုံ- ထွက်ပြေးတိမ်းရှောင်နေကြသည့် မြိုစစ်ဘေးရှောင်ပြည်သူများ
#မောင်တောမှ #မြိုစစ်ဘေးရှောင် #၇လသားအရွယ် #ကလေးငယ်တစ်ဦး #အအေးမိ၍ #သေဆုံး
#Ayeyarwaddy_Times