ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၇ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ်(ရတခ)တွင် နှစ်ပတ်လည်အခမ်းအနားပြု လုပ်နေစဉ် ဒရုန်းဖြင့်ဗုံးကြဲခံရပြီး ဗိုလ်မှူးကြီး၊ ဒုဗိုလ် မှူးကြီးအပါအ၀င် အရာရှိများဒဏ်ရာရရှိပြီး ဒုအရာခံ ဗိုလ်နှင့်တပ်သား နှစ်ဦးသေဆုံးကြောင်း သိရသည်။

ယမန်နေ့ နို၀င်ဘာ ၁၆ ရက် ညနေ ၅ နာရီခွဲအချိန်က မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)တိုင်းနှစ်ပတ်လည်အခမ်းအနား ကျင်းပနေစဉ် တွင် ရှားထူးဝါးနည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ပြင်းအားမြင့်ဖောက်ခွဲရေးဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သေတဲ့ဦးရေက အတိအကျမသိရပေမယ့် နေရာတင် နှစ်ယောက်သေတယ်။ အပြင်းအထန်ဒဏ်ရာရတဲ့ ဗိုလ် မှူးကြီးတွေလည်းရှိတယ်။ အရာရှိကတော်တွေလည်း ထိတယ်”ဟု အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့်နီးစပ်သည့်တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် အရှေ့တောင်တိုင်း စစ်ဌာန ချုပ် တိုင်းခန်းမလျှောက်လမ်းနှင့် ယာဉ်ရပ်နား၀င်း အတွင်းသို့ လေကွဲစနစ်ဖြင့် ဗုံးကျရောက်ပေါက်ကွဲပြီး ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီးနှင့် အရာရှိ၊ အရာခံဗိုလ်များ၊ အရာရှိကတော်များ ထိခိုက်ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ဒုအရာခံဗိုလ်နှင့် တပ်သားတစ်ဦးမှာ နေ ရာတွင်ပင် သေဆုံးသွားသည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ခလရ ၁၉ မှ ဒုဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခမရ ၅၅၇ မှ ဒုဗိုလ်မှူးကြီး ခန့်နောင်၊ နဗဟ ၂ မှ ဗိုလ်မှူးကြီးဇော်လင်းထွန်း၊ ခမရ ၅၅၆ မှ ဒုဗိုလ်မှူးကြီး၀င်းနောင်ထွန်းတို့မှာ အပြင်းအထန်ဒဏ် ရာရပြီး စအရခွဲ(၂/၉၁၈)မှ ဒုအရာခံဗိုလ် ၀င်းထိန်နှင့် ခမရ ၃၄၁ မှ တပ်သား ဟိန်းလွင်စိုးတို့နှစ်ဦးမှာ နေရာ တင် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားကို DKBA, BGF တပ်ဖွဲ့များပါ တက် ရောက်ခဲ့ကြကြောင်း သိရပြီး တိုက်ခိုက်မှုကို Alpha Bats တပ်ခွဲနှင့် နယ်မြေခံ ERO တပ်ခွဲတို့ပူးပေါင်းပြီး Suicide Drone နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#အရှေ့တောင်တိုင်း #စစ်ဌာနချုပ် #မော်လမြိုင် #ဗိုလ်မှူးကြီး#Ayeyarwaddy_Times