ဧရာဝတီတိုင်းမ်
နိုတင်ဘာလ ၁၇ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် ရခိုင်ရိုးမနှင့်ထိစပ်နေသည့် ကျေးရွာများကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ရက်နေ့ကစပြီး စစ်ကောင်စီတပ်မှ အင်အား ၅၀ကျော်ဖြင့် စစ်ကြောင်းထိုးနေကာ ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံရကြောင်းဒေသခံများထံကသိရသည်။

သာပေါင်းမြို့နယ်ရှိ ရခိုင်ရိုးမနှင့်ထိစပ်နေသော ကျောက်ခဲချောင်း၊ ဇီးဖြူကွင်းကျေးရွာအနီးသို့ နိုဝင်ဘာလ ၁၅ရက်နေ့ကစပြီး သာပေါင်း ခမရ (၃၀၈) နှင့် ကျုံပျော် ခလရ (၃၆)တပ်မှ အင်အား (၅၀)နီးပါးဖြင့် ရေနံ့သာလမ်းအ‌တိုင်း စစ်ကြောင်းထိုးနေကြောင်း ကိုယ်တိုင်ကြုံတွေခဲ့ရသည့် ကျေးရွာဒေသခံများထံက သိရသည်။

“ ရွာဘက်ကိုစစ်ကြောင်းထိုးနေတာ၃ရက်ရှိနေပြီ။ AAနဲ့PDFတွေရွာအနားမှာ ရှိနေတယ်ဆိုပြီး တရွာဝင် တရွာထွက်လိုက်စစ်တာတွေရှိနေတယ်။ တချို့ရွာသားတွေဆို ကြောက်လို့မြို့ထဲသွားရှောင်တဲ့သူလည်းသွားရှောင်နေရပြီ” ဟုကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကျောက်ခဲချောင်းကျေးရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းကဲ့သို့ စစ်ကြောင်းထိုးနေစဉ်အတွင်း အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ မကြာခဏဖြတ်တောက်ခံနေရကြောင်း ဒေသခံကျေးရွာသားများထံကသိရသည်။

ထို့အပြင်ပုသိမ်မြစ်ကမ်းတလျှောက်ရှိ ဘုရားကုန်း၊ ခွေးကုတ်၊ခေနန်၊ကွင်းပေါက်စသည့်ကျေးရွာအုပ်စုများ၌ ကုန်စည်နှင့်လူသယ်ယူပို့ဆောင်နေသည့် စက်လှများကို လူငါးဦးထက် ပိုမစီးရန် နိုဝင်ဘာလ ၁၆ရက်နေ့က ညွှန်ကြားမှုရှိခဲ့ကြောင်း မြို့နယ်စစ်ကောင်စီရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံကသိရသည်။

“ရခိုင်မှာတိုက်ပွဲဖြစ်နေတာဆိုတော့ စက်လှေသမားတွေကို လုံခြုံရေးအခြေအနေနဲ့ ကန့်သတ်လိုက်တာ။ အဓိကPDFတွေမြို့ထဲဝင်လာမှာကြောက်လိုတင်းကျပ်လိုက်တဲ့သဘောပြောလို့ရတယ်” ဟု မြို့နယ်စစ်ကောင်စီရုံးနှင့်နီးစပ်သည့်သတင်းရင်းမြစ်က ဆိုသည်။

အလားတူသာပေါင်းမြို့နှင့် အနီးကျေးရွာများ၌ လျှပ်စစ်မီး အသုံးပြုချိန်ကို နံနက်၄နာရီမှနံနက်၁၀နာရီ ၊ညနေ ၃ နာရီမှ ည ၇ နာရီအထိ မြို့နယ်စစ်ကောင်စီမှ ကန့်သတ်ထားကြောင်းဒေသခံများထံကသိရသည်။

#သာပေါင်း #ရခိုင်ရိုးမ #ထိစပ်သည့်ကျေးရွာများ #ဖုန်းနှင့်အင်တာနက်လိုင်း #ဖြတ်တောက်ထားပြီး #လျှပ်စစ်မီးအသုံးပြုချိန်ကိုပါ #ကန့်သတ်
#Ayeyarwaddy_Times