ဧရာ၀တီတိုင်းမ်
နိုဝင်လာလ ၁၇ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့ အမှတ် ၇ ရပ်ကွက်ရှိ အ-မ-က ( ၅ ) အလယ်တန်းကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င်များမှ လက်နက် ခဲယမ်းများအပြည့်အစုံ ပို့ဆောင်ထားကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါ လက်နက်ခဲယမ်းများကိုအ.မ.က( ၅ )အလယ်တန်းစာသင်ကျောင်းဝန်းအတွင်း နိုဝင်ဘာလ ပထမပတ်တွင် ပို့ထာခြင်းဖြစ်သော်လည်း ကျောင်းသားမိဘများက နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင် တွေ့ရှိကြခြင်း​ဖြစ်သည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“စစ်တပ်က လက်နက်တွေကို ဘယ်အချိန်ကပို့ထားမှန်းမသိလိုက်ဘူး၊ ဒီနေ့မနက်ပိုင်းမှတွေ့ကြတာ။ ဒါတွေတွေ့ပေမယ့် ကလေးတွေကို ကျောင်းအုပ်ဆရာမကြီးက အိမ်ပြန်မလွှတ်ဘူး။ ဆရာမအချို့တွေကတော့ ကလေးတွေခေါ်ပြီးအိမ်ပြန်သွားကြတယ် ” ဟု လက်နက်ခဲယမ်းများကို တွေ့ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အ-မ-က( ၅ ) အလယ်တန်းစာသင်ကျောင်းဝန်းအတွင်း လက်နက်ခဲယမ်းများ စစ်ကောင်စီတပ်မှ ပို့ဆောင်ထားခြင်းကြောင့် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်လည်း ကျောင်းတက်သူ တစ်ဦးတစ်ယောက်မှမရှိကြောင်း ဒေသခံများကပြောသည်။

“အဲ့ဒီကျောင်းက ကျောင်းအုပ်ဆရာမကြီးရဲ့ အမျိုးသားက စစ်တပ်ကပင်စင်ယူထားတဲ့သူပါ။ လင်ရောမယားပါ စစ်တပ်ထောက်ခံကြတဲ့သူတွေ၊ စစ်တပ်သတင်းပေးလည်းလုပ်တာ တစ်မြို့လုံးသိတယ်။ လက်ရှိ ကျောက်မဲတပ်တွေကတော့ အင်အားတွေလည်းဖြည့်ထားတယ် ” ဟု ကျောက်မဲမြို့ခံတစ်ဦးက
ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင်လည်း ကျောက်မဲမြို့ စစ်ကောင်စီ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ကို ရှမ်း​
ပြည်မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ကျောက်မဲမြို့ရှိ ခြေမြန်တပ်ရင်း (ခမရ- ၅၀၁) နှင့် ခြေမြန်တပ်ရင်း (ခမရ- ၅၀၂) တပ်ရင်းပတ်ပတ်လည်တွင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းကို ကျောက်မဲမြို့ခံတစ်ဦး နင်းမိ၍ မိုင်းပေါက်ကွဲကာ သေဆုံးခဲ့ကြောင်း ဒေသခံများက​ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့ ခမရ ၅၀၁၊ ၅၀၂ တပ်ရင်းများကို လားရှိုးဘက်မှ ရဟတ်ယာဥ်များအပြင် ပစ္စည်းဖြန့်သည့် Box ကား​များနှင့် စစ်လက်နက်၊ ရိက္ခာများတင်ပို့ထားပြီး အင်အားဖြည့်တင်းထားကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဓာတ်ပုံ-ကျောက်မဲမြို့ ခရိုင်ပညာရေးမှူးရုံးရှေ့တွင် ဝန်ထမ်းများ စစ်ကောင်စီတပ်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့စဥ် (ပုံဟောင်း)

#ကျောက်မဲမြို့ #အမက၅ #အလယ်တန်းစာသင်ကျောင်း #စစ်ကောင်စီတပ် #လက်နက်ခဲယမ်း #ပို့ဆောင်ထား #Ayeyarwaddy_Times