ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်အတွင်းမှ အသက် ၁၈ နှစ်အထက် လူငယ်များကို ရပ်ကျေးအုပ်ချုပ်‌ရေးအဖွဲ့မှ စာရင်းကောက်ခံကာ ကျေးရွာကာကွယ်ရေးအဖွဲ့အတွက် အခြေခံစစ်သင်တန်း တက်‌ရောက်ခိုင်းနေကြောင်း ဒေသခံများထံကသိရသည်။

မြန်အောင်မြို့နယ်အနီးရှိ ချင်းစုနှင့် ကျောက်တန်းကျေးရွာတို့၌ အသက် ၁၈ နှစ်အထက် လူငယ်များကို စာရင်းကောက်ခံ၍ ကျေးရွာကာကွယ်ရေးအဖွဲ့အတွက် အခြေခံစစ်သင်တန်းတက်‌ရောက်ခိုင်းနေကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများထံကသိရသည်။

“ရွာထဲမှာပြည်သူ့စစ်အဖွဲ့တွေကရှိတယ်။ အဲဒီသူတွေ က အသက်ကြီးနေပြီ။ အခုလူငယ်တွေကို တမင်တကာ‌ရွေးပြီး သင်တန်းတက်ခိုင်းတဲ့သဘောပြောလို့ရတယ်။ ရွာအလိုက်လူငယ်တိုင်းကို မဖြစ် မနေအတင်းတက်ခိုင်းနေတာ”ဟု ချင်းစုကျေးရွာ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုကဲ့သို့ စစ်သင်တန်းပေးရန် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးရုံးများ၌ မြန်အောင်အခြေစိုက် ခလရ-၅၁ မှ စစ်ကောင်စီတပ်သားအချို့က နှစ်ပတ်ကြာလာရောက်သင်တန်းပေးနေခြင်း ဖြစ်ပြီး သင်တန်းအတွက် တစ်အိမ်လျှင်ငွေနှစ်သောင်းကျပ်ပေးရန် စစ်ကောင်စီတပ်က တောင်းကြောင်း ဒေသခံများထံကသိရှိရသည်။

“ရပ်ကျေးအုပ်ချုပ်ရေးမှူး ရုံးမှာ ခလရ- ၅၁ တပ်ကလာပြီးနှစ်ပတ် သင်တန်းပေးနေတယ်။ သင်တန်းအတွက်တအိမ်ကို ငွေနှစ်သောင်း တောင်းခံရတယ်။ ပေးဖို့ကလည်း အဆင်မပြေလည်းမရဘူး။ အတင်းတောင်းတာ။ချေးငှားပြီးပေးနေရတယ်”ဟုကျောက်တန်းကျေးရွာဒေသခံတစ်ဦးကဆိုသည်။

အလားတူ မြန်အောင်မြို့နယ် အတွင်း၌ ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်ကစပြီး ကျေးရွာကာကွယ်ရေးအကြောင်းပြ၍ ဖွဲ့စည်းထားသည့် ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့များအတွက် တရားမဝင် လောင်းကစားဒိုင်များနှင့် အရက်ဆိုင်များထံ မှ လစဉ်ကြေး ငါးသောင်းထက်မနည်း တောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။

#မြန်အောင်မြို့ #ကျေးရွာအချို့ #အသက်၁၈နှစ် #လူငယ်များ #ကျေးရွာလုံခြုံရေးအဖွဲ့ #အခြေခံစစ်သင်တန်း #တက်‌ရောက်ခိုင်း
#Ayeyarwaddy_Times