ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၆ ရက်
စစ်ကောင်စီရုံးစိုက်ရာနယ်မြေဖြစ်သည့် နေပြည်တော်သို့ စစ်ရေးအရှိန်အဟုန်မြှင့် ရောက်လာမည်ဆိုသည့် သတင်းများနှင့် အရန်အင်အားဖွဲ့ရန် ထွက်လာသည့် လျှို့ဝှက်စာကြောင့် နေပြည်တော်ရှိ ရုံးဌာနများမှ အရာရှိနှင့် ၀န်ထမ်းများ ထောင်နှင့်ချီ နုတ်ထွက်စာတင်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကို စစ်ရေးအရနီးစပ်လာသည့် လွိုင်ကော်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများပြင်း ထန်လာပြီးနောက် နေပြည်တော်ရှိ ဌာနဆိုင်ရာ၀န် ထမ်းများ နို၀င်ဘာ ၁၅ ရက်နေ့ တစ်ရက်တည်းမှာပင် ထောင်ဂဏန်းနီးပါး ထွက်စာခဲ့ပြီး ဆိုင်ရာဌာနများမှ ထွက်ခွင့်မပေးကြောင်း ဌာနဆိုင်ရာ၀န်ထမ်းနှင့်နီးစပ်သူထံ မှ သိရသည်။
စစ်ကောင်စီက နို၀င်ဘာလ ၁၅ ရက်နေ့မှာ အရန်စစ်မှု ထမ်းအဖွဲ့ ဖွဲ့စည်းရန် စာထုတ်လိုက်ပြီးနောက်ပိုင်း ယခုကဲ့သို့ အစုလိုက်အပြုံလိုက် အလုပ်ထွက်စာများ တင်ကာ နေရပ်ပြန်လိုသူများ ထွက်ပေါ်လာကြောင်း သိရသည်။
“စစ်မှုထမ်းဖို့ အရန်အဖွဲ့ ဖွဲ့ခိုင်းပြီး ရှေ့တန်းပို့ခံရမှာစိုးလို့ ထွက်စာတွေတင်ကြတာ။ အမျိုးသားကြီးပဲကို ထောင်ကျော်တယ်။ အဲဒါအမျိုးသမီးအရေအတွက် မပါသေးဘူး။ PDF တွေနေပြည်တော် တက်လာမှာလည်းစိုးရိမ်ပြီး ထွက်စာတင်ကြတာ” ဟု နေပြည် တော်ရှိ လျှပ်စစ်ရုံး၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
Non CDM များ၏ ထွက်စာကို စစ်ကောင်စီက လက် ခံခွင့်မပြုထားဘဲ အရန်တပ်ရင်း အတွင်းသို့ အတင်းအကျပ် ထည့်သွင်းသွားမည်ဖြစ်ကြောင်း တပ်တွင်း သတင်းရင်း မြစ်ထံက သိရသည်။
“၀န်ထမ်းတွေက ထွက်စာတင်ခွင့်ရဖို့ပဲ အားပြုတော့တယ်။ စစ်ခေါင်းဆောင်က အခုလျှို့ဝှက်စာတွေကို ကြည့်ရင် အဆိုးဆုံးကို ပြင်ဆင်ထားတဲ့သဘောပဲ။ မြေပြင် တပ်ရင်းမရှိတော့ဘူးဆိုတာ အခုလို၀န်ထမ်းတွေကို ထုတ်သုံးလာတာကိုကြည့်ရင် သိနိုင်တယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြော သည်။
အဆိုပါ အရန်တပ်ရင်းဖွဲ့ရန် ညွှန်ကြားထားသည့် လျှို့ဝှက်စာတွင် ၀န်ထမ်း တက္ကသိုလ်တက်ပြီးသူတိုင်း အရန်တပ်ရင်းသို့ ၀င်ရောက်ရမည်ဖြစ်ပြီး တပ်ရင်းကို နှစ်ဖွဲ့ခွဲကာ ညွှန်ကြားချက်များအတိုင်း လိုအပ်သလို ဆောင်ရွက်ကြရမည်ဟု ပါရှိသည်။
ဘေးအန္တရာယ်ဖြစ်လာပါက တပ်ခွဲတစ်ခွဲသည် ရုံးပြင်ပထွက်၍ ကူညီရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ပြီး ကျန်တပ်ခွဲတစ်ခွဲက ပုံ မှန်ရုံးလုပ်ငန်းနှင့် အုပ်ချုပ်၊ ထောက်ပံ့လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် သွားရမည် ဟု ညွှန်ကြားထားကြောင်း သိရသည်။
ထို့အပြင် ရုံးဌာနအလိုက် ဖွဲ့စည်းထားသည့် တပ်ခွဲများကို ဌာနအကြီးအကဲက ကွပ်ကဲပြီး ဖွဲ့စည်းမှုစာရင်းကို နှစ်ရက်အတွင်းဖွဲ့စည်းပြီး စစ်ကောင်စီ၏ နေပြည်တော်ကောင်စီ ဥက္ကရုံးကို အမြန်ပေးပို့ရမည်ဟု လျှို့ ဝှက်စာ ပေးပို့ထားသည်။
ဓာတ်ပုံ-လွိုင်ကော် တက္ကသိုလ်မှ Non CDM ဝန်ထမ်းများကို PDF များ ကယ်ထုတ်နေစဥ်
#နေပြည်တော် #အရန်အင်အား #ဖွဲ့စည်းရန်စစ်ကောင်စီညွှန်ကြား #နုတ်ထွက်စာတင် #N0nCDM၀န်ထမ်းများ #Ayeyarwaddy_Times