
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်
စစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က ပြည်တွင်းဘဏ်လုပ်ငန်းများ ပုံမှန် ဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပုဂ္ဂိလကဘဏ်များတွင် ငွေထုတ်သူများပြားနေကြောင်း ဘဏ်သို့ ရောက်ရှိနေသူများ ထံက သိရသည်။
ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ဘဏ်ဖွင့်ချိန်မတိုင်ခင်ကတည်းက ဘဏ်များရှေ့တွင် ငွေထုတ်ရန်တန်းစီးစောင့်ဆိုင်းသူများပြားလျက်ကြောင်း ရန်ကုန်မြို့ခံများက သိရသည်။
“ဘဏ်ထဲထားတာစိတ်မချလို့ထုတ်ကြတာဖြစ်မယ်။ အဓိကတော့ ဘဏ်တွေဒေဝါလီ ခံရမှာ စိုးလို့ထုတ်ကြတာ။ အရင်တစ်ခါ(အာရှဓနဘဏ်)ကလည်း ဖြစ်ဖူးတော့ စိုးရိမ်ကြတာပေါ့။ ဘဏ်တွေကယက်ဖြစ်နေတော့ ကုန်ဈေးနှုန်းကပါ မငြိမ်ဘူး။ တက်လာနေပြီ။ အခုလည်းတန်းစီးစောင့်နေရပြီး ပိုက်ဆံက အများကြီးလည်း မဟုတ်တော့ မထုတ်ခဲ့ဘဲ ပြန်လာတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဘဏ်များရှိအပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေခြင်းမရှိသလို ဘဏ်ဝန်ထမ်းများ၏ လစာကိုလည်းကြိုတင်ထုတ်ပေးခြင်း မရှိကြောင်း ဗဟိုဘဏ်က ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယမန်နေ့က ရိုးမဘဏ်ခွဲ (မြစ်ကြီးနား) ယာယီပိတ်ကြောင်း ကြေညာပြီးနောက် ဘဏ်ဝန်ထမ်းများကို လစာနှစ်လစာ ကြိုတင်ပေးသည့် သတင်းများ လူမှုကွန်ရက် စာမျက်နှာများတွင် ထွက်ပေါ်လာခြင်းတို့ကြောင့် ဘဏ်များအပေါ် အများပြည်သူများ၏ ယုံကြည်မှုကျဆင်းလာခြင်းဖြစ်သည်။
“ဘဏ်ကဝန်ထမ်းတွေတော့ နှစ်လ စာရတယ်ဆိုတာတော့ မဟုတ်ပါဘူး။ အိမ်မှာ KBZ က ဘဏ်ဝန်ထမ်းရှိတာပဲ။ သူကတော့ မဟုတ်ဘူးလို့ပြောတယ်” ဟု ဘဏ်ဝန်ထမ်း မိသားစုတစ်ဦးက ပြောကြားသည်။
နိုင်ငံတဝန်းရှိဘဏ်များတွင် ဘဏ်လုပ်ငန်းများဆောင်ရွက်နိုင်ပြီး ဒစ်ဂျစ်တယ်နည်းလမ်း ဖြင့် အသုံးပြုနိုင်သည့် ဘဏ်လုပ်ငန်းများ ( mobile banking, PAY) ဖြင့်လည်း ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
အပ်ငွေစာရင်းဟောင်းများဖြစ်သည့် ငွေစုဘဏ်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း၊ စာရင်းရှင်အပ်ငွေစာရင်း နှင့် စာရင်းသေအပ်ငွေစာရင်း တို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ရက်နေ့ မှစတင်၍ မူလသတ်မှတ်ချက်များအတိုင်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း KBZ ဘဏ်က ထုတ်ပြန်ထားသည်။
စီးပွားရေးလုပ်ငန်းရှင်ခရိုနီ ဦးသိမ်းဝေပိုင်ဆိုင်သည့် မြန်မာ့ဘဏ်လုပ်ငန်းတွင် နှစ်ပေါင်း ၃၀ ကြာရပ်တည်လာသည်ဟုဆိုသော ရိုးမဘဏ်သည် ယမန်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ ဘဏ်ခွဲကို ယာယီပိတ်ထားခဲ့သည်။
ပုံစာ – ရန်ကုန်မြို့ရှိဘဏ်များအားတွေ့ရစဉ် (ပုံဟောင်း)
#စစ်ကောင်စီဗဟိုဘဏ် #ဘဏ်လုပ်ငန်းများပုံမှန်ဆောင်ရွက် #ပုဂ္ဂိလကဘဏ်များ #ငွေထုတ်ယူသူများပြား #Ayeyarwaddy_Times