ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ နိုဝင်ဘာလ ၁၇ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အတွင်း “၁၁.၁၁ စစ်ဆင်ရေး” ၇ ရက်မြောက်နေ့အထိ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လွိုင်ကော်မြို့ပေါ်မှ စစ်ဘေးရှောင်ကြသည့် ဒေသခံအများစုမှာလည်း လမ်းတွင် စစ်ကောင်စီဂိတ်များက ပိတ်ဆို့ကာ မြို့၊ ရွာများအတွင်း ဝင်ခွင့်မပြုသည့်အတွက် အခက်အခဲများကြုံ တွေ့နေ‌ရကြောင်း သတင်းရရှိသည်။

တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့်အတွက် ဒေသခံအများစုမှာ လွိုင်ကော်-ကလော-‌တောင်ကြီး လမ်းပိုင်း မှ ထွက်ခွာကာ စစ်ဘေးရှောင်ကြခြင်းဖြစ်ပြီး အဆိုပါလမ်းပိုင်းရှိ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း ဒေသများမှ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ကရင်နီမှတ်ပုံတင်ကိုင်ဆောင်သူများကို ဖြတ်သန်းခွင့်မပြုသည့်အတွက် စစ်ရှောင်အများစုမှာ လမ်းခရီးတွင် ပိတ်မိနေကြခြင်း ဖြစ်သည်။

“အများအားဖြင့် တောင်ကြီးဘက်ကိုဝင်ကြတာများတယ်။ တောင်ကြီးဘက်ကလက်မခံဘူးဆိုလို့ ဆီဆိုင်ဘက်သွားကြတာလည်း လက်မခံကြဘူး ။ အဓိက၂/တွေဆို လက်မခံကြတာပါ။ ဆီဆိုင်ဘက်ကပြောတာတော့ မြို့ထဲကအရာရှိတွေ၊ သူဌေးတွေက သူတို့ဆီစစ်မီးကူးလာမှာစိုးလို့ လက်မခံကြတာ။ အောက်ပိုင်းဘက်ကိုဆင်းဖို့ကလည်း ကလော၊တောင်ကြီးဘက်က သွားမှရမှာဆိုတော့ ဂိတ်တွေကဖြတ်မရတော့ အခြေ‌အနေဆိုးနေကြတာ” ဟု လွိုင်ကော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများအပါအဝင် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် ဒေသခံအများစုမှာ လွိုင်ကော်မြို့မှထွက်ခွာကာ စစ်ဘေး ရှောင်တိမ်း နေကြနေရကြောင်း သိရသည်။

“အခုလက်ရှိအခြေအနေက ကယားကနေထွက်သာ ထွက်နေကြတာ၊ ဘယ်နေရာမှာသွားပြီးနေရမလဲ၊ ဘယ်နေရာက လက်ခံမလဲဆိုတာ မသိရပဲမျှော်လင့်ချက်မဲ့နေကြတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ရှောင်နေသည့် ဒေသခံများကို စစ်ကောင်စီက လမ်းတွင်ဖြတ်သန်း သွားလာခွင့်ပိတ်ပင်နေခြင်းမှာ လွိုင်ကော်ဒေသခံများကို မြို့တွင်း၌သာနေစေပြီး လူသားဒိုင်းအဖြစ်ပြုလုပ်ရန် ရည်ရွယ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်ပြောဆိုနေကြသည်။

ထို့ပြင် KNDF စစ်ရေးချုပ် ခူရီးဒူကလည်း လွိုင်ကော်ဒေသခံများအနေဖြင့် ထွက်ခွာခွင့်ရနေချိန်တွင် အမြန်ဆုံးမြို့မှထွက်ခွာသွားကြရန်လည်း ၎င်း၏လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် တိုက်တွန်းပြောကြားထားသည်။

ဓာတ်ပုံ – လူမှုကွန်ယက်(စစ်ရှောင်‌နေကြသည့်ဒေသခံများ)
#လွိုင်ကော် #တိုက်ပွဲဆက်လက်ဖြစ်ပွား #စစ်ကောင်စီ #လမ်းများပိတ်ထား #စစ်ရှောင်ပြည်သူများ #အခက်ကြုံနေ #Ayeyarwaddy_Times