ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၄ ရက်

ဧရာဝတီတိုင်းမှာ စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး ပြည်သူနဲ့အတူ ရပ်တည်ခဲ့တဲ့ CDM ဝန်ထမ်းတွေ ဇူလိုင်လထဲမှာဖမ်းဆီးခံရမှု ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

ဇူလိုင်လလယ်လောက်မှာတင် မော်ကျွန်းမြို့နယ်က CDM အလယ်တန်းကျောင်းအုပ်တဦး ဖမ်းဆီးခံခဲ့ရသလို ဇူလိုင်လ တတိယပတ်ထဲမှာ အိမ်မဲမြို့နယ်ထဲက CDM ဆရာဝန်တဦးထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ တွေထံက သိရပါတယ်။

“ မော်ကျွန်းက ဆရာမကြီးက K‌aung For You စာသင်ကျောင်းမှာပါတယ်ဆိုပြီး ဖမ်းသွားတာ ဒါပေမယ့် အသေးစိတ်ကို အတည်ကျမသိရသေးဘူး ကျွန်တော်တို့လည်း လိုက်ပြီးသေချာမေးနေပါတယ်”လို့ ပညာရေး အသိုင်းဝိုင်းက ဆရာတဦးက ပြောပါတယ်။

အိမ်မဲမြို့နယ်က CDM ဆရာဝန်ကိုတော့ ဇူလိုင်လ ၂၂ ရက်နေ့ မနက်ပိုင်းက တိုင်းအဆင့်စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဘယ်နေရာကို ဖမ်းဆီးသွားတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ ပြည်သူနဲ့အတူ ရပ်တည်ခဲ့တဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီး တာမျိုးရှိပေမယ့် ဇူလိုင်လထဲမှာ ဖမ်းဆီးမှုများပြားလာတာလို့ ဆိုပါတယ်။