
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်
ဧရာ၀တီတိုင်း အတွင်းရှိ မြို့နယ်အချို့တွင် ရောင်းချရန်ရှိသော အိမ်၊ ခြံနှင့် မြေကွက်များကို စစ်ကောင်စီ ၏အကြီးပိုင်းများက ပြန်လည်၀ယ်ယူမှု ပိုမိုများပြားလာကြောင်း တိုင်းအတွင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။
“ဒီလအစပိုင်းထဲ က ၀ယ်သူအများစုက စစ်တပ်က ဗိုလ်ချုပ်၊ ဗိုလ်မှူးကြီးတွေ ၊ ညွန်မှူးတွေ သူတို့မိသားစုတွေအတွက် ၀ယ်ကြတာများတယ်။ အချို့ကြတော့ အိမ်လုံးခြင်း၀ယ်တယ်၊ အချို့က မြေပဲ ၀ယ်ပြီး စိတ်ကြိုက်ဆောက်ဖို့ လုပ်တာတွေရှိတယ်” ဟု ပုသိမ်ခရိုင်အတွင်းမှ အိမ်ခြံပွဲစားတစ်ဦးမှ ဧရာ၀တီတိုင်မ်းကို ပြောသည်။
အဓိက ၀ယ်ယူမှု အများဆုံးမှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်တည်ရှိရာ ပုသိမ်မြို့ တွင်ဖြစ်ပြီး စစ်တပ်များနှင့်အနီးဆုံးနေရာတွင် ရောင်းချမည့်ခြံများကို စစ်ကောင်စီ၏ အကြီးတန်း ခေါင်းဆောင် အဆင့်များက၀ယ်ယူ မှု များနေကြောင်း ဒေသခံများထံကသိရှိရသည်။
“နတခ အနောက်နားက ဗိုလ်ကြီးတစ်ဦးပိုင်တဲ့ ခြံကို သူ့ဆရာဖြစ်ဖူးတဲ့ တပ်ရင်းမှူး က ပြန်၀ယ် လိုက်တယ်။ ခြံကတော့ သွပ်ပြားတွေကာလိုက်ပြီးစစ်မှုထမ်းဟောင်းနှစ်ယောက်လုံခြုံရေးစောင့်နေတာတွေ့ရတယ်”ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
မြန်မာနိုင်ငံဒေသအနံအပြားတွင် တော်လှန်ရေးအင်အားစုများ ၏ မြို့သိမ်းတိုက်ပွဲများကြောင့် စစ်ကောင်စီ အထိနာနေပြီး လက်ရှိ တိုက်ပွဲ မရှိသေးပဲ စစ်ကောင်စီတပ်အများဆုံးရှိရာ ဧရာ၀တီတိုင်းတွင် မိသားစုများကို ရွှေ့ပြောင်းနေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်း ပုသိမ်မြို့မှစစ်မှုထမ်းဟောင်း တစ်ဦးက သုံးသပ်သည်။
လက်ရှိတွင် ပုသိမ်မြို့ လေတပ်စခန်းဌာနချုပ်ဘေးလမ်းမပါ်တွင်လည်း လွန်ခဲ့သော ခြောက်လခန့်က အစိုးရပိုင်မြေနေရာပေါ်တွင် နေအိမ်တစ်ခု ဆောက်လုပ်လျှက်ရှိပြီး လုံခြုံရေးဂိတ်၊ ရေကူးကန် ၊ ဂေါက်ကွင်းများပါ၀င်ပြီး သမ္မတဟောင်းဦးသိန်းစိန် လာရောက်နေထိုင်မည် ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံများထံမှသိရှိရသည်။
ဓာတ်ပုံ-ဦးသိန်းစိန်နေမည့်အိမ်ဟု နံမည်ထွက်နေသည်အိမ်
#ဧရာ၀တီတိုင်း #အိမ်ခြံမြေများကို #စစ်ကောင်စီ #ခေါင်းဆောင်ပိုင်းများ #၀ယ်ယူမှုများပြားလာ
#Ayeyarwaddy_Times