
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်
အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေဟာ နိုဝင်ဘာလ ၁၅ ရက်က အစ္စရေး-ဟားမာစ်စစ်ပွဲ အဆုံးသတ်ဖို့ တောင်းဆိုခဲ့ပေမယ့် တာရှည်နေပြီဖြစ်တဲ့ မြန်မာပဋိပက္ခကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ နည်းလမ်းမတွေ့ဘူးလို့ ဆိုပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်သော ရေကြောင်းသွားလာမှုနဲ့ လေယာဉ်ပျံသန်းမှုရဖို့ အရေး ကြီးကြောင်း အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေက ထပ်လောင်းအတည်ပြုခဲ့သလို အငြင်းပွားရေပိုင်နက်အတွင်း ထိပ်တိုက်တွေ့ဆုံမှုတွေ မဖြစ်ရအောင် နိုင်ငံတကာစည်းမျဉ်းတွေကို လေးစားသမှုရှိရမယ်လို့ ပြောပါတယ်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံမှာ မြန်မာနိုင်ငံ ပါဝင်ပေမယ့် အကြမ်းဖက်မှုတွေ လျှော့နည်းဖို့ ရေးဆွဲထား တဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို စစ်ကောင်စီက မလိုက်နာတာကြောင့် ဒီသီတင်းပတ်မှာကျင်းပတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီဝန်ကြီးကို တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ အခြေအနေဆိုးရွာလာတာကို ကျွန်တော်တို့ ဝမ်းနည်းရပါတယ်။ လက်ရှိအခြေအနေကို ငြိမ်းချမ်းစွာ အဖြေရှာရေး မြန်မာနိုင်ငံကို ထောက်ခံအားပေးဖို့ အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို အင်ဒိုနီးရှား နိုင်ငံက တိုက်တွန်းပါတယ်” လို့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဆူဘီယန်တိုက အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။
အာဆီယံအဖွဲ့က မြန်မာဗိုလ်ချုပ်ကြီးတွေကို အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေး တွန်းအားပေးနေပေမယ့် အာဏာသိမ်းစစ်ကောင်စီက လိုက်နာဖို့ပျက်ကွက်ခဲ့ပါတယ်။
“ဂါဇာဒေသမှာ အခြေအနေ ဆိုးရွားလာတဲ့ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံက အလွန်အမင်း စိတ်မကောင်း ဖြစ်ရပါတယ်။ အရပ်သားတွေအပေါ် အကြမ်းဖက်တာကို ရပ်တန့်ရပါမယ်” လို့ ဆူဘီယန်တိုက မိန့်ခွန်းမှာ ထည့် ပြောခဲ့ပါတယ်။
အာဆီယံအဖွဲ့ဝင်တွေက အစ္စရေး-ဟားမာစ်ပဋိပက္ခကို ရှုမြင်ပုံ မတူညီတာကြောင့် အာဆီယံအဖွဲ့က အ ဆိုပါစစ်ပွဲနဲ့ပတ်သက်တဲ့ တရားဝင် ကြေညာချက်ကို မထုတ်ပြန်နိုင်ခဲ့ပါဘူး။
ဂါဇာဒေသမှာရှိတဲ့ အရပ်သားတွေ၊ နေအိမ်တွေ၊ ဆေးရုံတွေအပေါ် ဗုံးကြဲတိုက်ခိုက်တာနဲ့ အပြစ်မဲ့ကလေး ငယ်တွေ၊ အမျိုးသမီးတွေ
အစုလိုက်အပြုံလိုက်သေဆုံးတဲ့အပေါ် မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟာမက်ဟတ် ဆန်က ရှုတ်ချခဲ့ပါတယ်။
ကိုးကား – CNA
Ref; ASEAN defence chiefs call for the fighting in Gaza to cease but struggle to address Myanmar violence