
နွေဦးမောင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့ အမှတ် (၁၀)ရပ်ကွက်တွင် ငါးမျှားနေသည့် အသက် (၂၅)နှစ်ရှိ ဒေသခံတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်ခဲ့ကြကြောင်း မြို့ခံများထံက သိရသည်။
လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိ လက်လုပ်လက်စား ပြည်သူများအတွက် စားဝတ်နေရေး ခက်ခဲနေပြီး အလုပ်အကိုင်ရှားပါးသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက် ငွေတောင်းခံမှုများကြောင့်လည်း ဒုက္ခကြုံနေရကြောင်း ဒေသခံများက ပြောသည်။
“ ဖမ်းခေါ်သွားပြီးနှိပ်စက်ထားတာ တကိုယ်လုံးရစရာမရှိဘူး ။ ဖမ်းသွားတာကလည်း ည (၈)နာရီပဲရှိသေးတယ် ။ အခုက ညမိုးချုပ်တာနဲ့ စစ်သားတွေရဲတွေက မြိုကိုပတ်ပြီးကင်းလှည့်နေတာ၊ တွေ့တဲ့သူဖမ်းပြီး ငွေတောင်းတာ မပေးနိုင်တဲ့သူကို နှိတ်စက်ပြီးမှပြန်လွှတ်တာ။ ခုလည်းသူတို့နှိပ်စက်ထားလို့ အဲဒီကလေးက မထနိုင်တော့ဘူး။ ဆေးကုဖို့ကလည်း မလွယ်ဘူးလေ ၊ ထမင်းစားဖို့တောင် မလွယ်တဲ့ဟာ ခုတော့ ပိုဆိုးနေတယ်” ဟု ဖမ်းဆီးခံရသည့် လူငယ်နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံများသည် ဒေသခံပြည်သူများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးငွေတောင်းယူမှုများကို လုပ်ဆောင်နေကြောင်း ဒေသခံအများစုထံက သိရသည်
#မအူပင်မြို့ ငါးမျှားနေသူတစ်ဦးကို #စစ်ကောင်စီ #ဖမ်းဆီးရိုက်နှက် #Ayeyarwaddy_Times