နွေဦးမောင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျားတတ်ကျေးရွာအတွင်း စခန်း အထိုင် ချထားသည့် စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ် ဦးသေဆုံးခဲ့ပြီး သေနတ် လေးလက်ရရှိခဲ့ကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးထံက သိရသည်။

ထိုသို့ နှစ်ရက်တာ စောင့်ကြည့်တိုက်ခိုက်ခြင်းခံရ၍ စစ်ကောင်စီတပ်က အထိနာပြီး နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျားတက်ကျေးရွာရဲစခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး – ULF က ထုတ်ပြန်ထားသည်။

“ကျားတက်ကျေးရွာက စစ်ကောင်စီတွေ အထိုင်ချနေကြတာကို တော်လှန်ရေး တပ်ဖွဲ့တွေက စောင့်ကြည့်ပြီးတိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီ တပ်သားအင်အားက များတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့ ဝင်တိုက်ခိုက်တဲ့အချိန်မှာတော့ ကျားတက် ကျေးရွာရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ ပုလဲနယ်ဘက်ကို ထွက်ပြေးသွားတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားမှုတွေကြောင့် ကျားတက်ကျေးရွာအပါဝင် ကျေးရွာခြောက်ရွာ မှ ဒေသခံပြည်သူတွေများ ဘေးလွတ်ရာသို့ ရှောင်ပြေးခဲ့ရ၍ မြို့နယ် လူသားစာနာမှ ဆန်ခြောက်အိတ်၊ ဆီ၂၀ပိဿာ၊ ငရုပ်မုန့်နှစ်ပိသာ နှင့် ငပိ ငါးပိဿာကို သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ULF(တပ်ပေါင်းစု) ဒုတိယစစ်ကြောင်းမှူး ဗိုလ်မုတ်ဆိတ် နှင့်အတူ ဒေသခံမဟာမိတ်တပ်ဖွဲ့များ ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ပုလဲရဲစခန်းနှင့် ထွေအုပ်ရုံးအားတော်လှန်ရေးတပ်ဖွဲ့များမှဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ် ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ အထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

ပုံစာ-ပုလဲမြို့ရဲစခန်းနှင့် ထွေအုပ်ရုံးအားဝင်ရောက်တိုက်ခိုက်စဉ်
#ဆားလင်းကြီးမြို့နယ် #ကျားတက်ကျေးရွာ #စစ်ကောင်စီအထိုင်ချစခန်း #ဝင်ရောက်တိုက်ခိုက် #စစ်ကောင်စီတပ်သား၇ဦးသေဆုံး #စခန်းစွန့်ခွာထွက်ပြေး #Ayeyarwaddy_Times